Thursday, 06 August 2009 15:57
နံနက်ခင်း မိုးလင်းတိုင်း လိုလိုပါပဲ။ သူ ကျွန်တော့်ဆီကို အရင်ဆုံး ရောက်ရောက် လာတတ်ပါတယ်။ ပြီးရင် ဂွတ်မောနင်းပါလို့ သူပြောလေ့ ရှိပါတယ်။ ဒါဟာ သူ နံနက်တိုင်း ပုံမှန် ပြုလုပ်ခဲ့လေ့ ရှိတဲ့ အကျင့်တစ်ခုပါပဲ။ ကျင့်သား ရနေပြီ ဖြစ်တဲ့ ကျွန်တော်ကလည်း သူ့ကို ဂွတ်မောနင်းပါ လို့ ပြန်ပြောတတ်ပါတယ်။ ဒီနေ့လည်း အရင်နေ့တွေကလိုပါပဲ။ ဒါပေမယ့် သူက ဆက်ပြောခဲ့တယ်။ "ငါ အရမ်းစိတ်ညစ် နေတယ်ကွာ" တဲ့...
မနေ့က သူ ရုံးက ပြန်ရောက်လာတော့ ကျွန်တော့်ကို ပြောတယ်။ သူ့လက်ထဲ ပါလာတဲ့ ပစ္စည်းတွေကိုတောင် မချဘဲနဲ့ပေါ့။ "မင်း ပျင်းနေပြီလား" တဲ့။ ကျွန်တော်က သံယောင်လိုက်တော့ သူတစ်ချက် ပြုံးပြပါတယ်။ ဆက်ပြီးတော့ "မင်းကို အခုလို လှောင်အိမ်ထဲ ထည့်ထားလို့ ငါ ၀ဋ်လိုက်တာ များလားကွာ" တဲ့။ ဒီတစ်ခါ ကျွန်တော် သံယောင်လိုက်တော့ သူ ပြုံးတာ မတွေ့ရတော့ပါဘူး။ တစ်ချက် တွေသွားပြီး ကျွန်တော်ရှေ့က ထွက်သွားတယ်။ သူ မျက်ရည်တွေ ကျနေတာကို ကျွန်တော် တွေ့လိုက်ပါတယ်။ ကျွန်တော်လည်း တစ်ခုခုကို ခံစား လိုက်ရတာတော့ အမှန်ပါပဲ။