Wednesday, 29 April 2009 13:07
အကောင်းလွန်းကြီး မဟုတ်ပေမယ့် သေသေချာချာ ပြင်ဆင်ထားသည့် အိပ်ယာ အထက်မှာ သူရယ်. သူ့သားလေးရယ်. သမီးလေးရယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက် အထိ သူတို့အပြင် ကလေးတွေရဲ့ အမေလည်း အတူတူ ရှိနေခဲ့သေးသည်မို့ မိသားစုဘ၀က အခုထက်စာရင် ပိုပြီး သာယာစိုပြေ ခဲ့သည်မှာ အမှန်ပင်။ သို့သော်လည်း အခုတော့ …။
###
သူတို့နေထိုင်ရာ အရပ်က လူနေအိမ် တစ်အိမ်ရဲ့ အဲယားကွန်း တစ်လုံးထဲမှာ၊ အဲယားကွန်းပင် ဆိုသော်ငြား အသုံးမပြုတာ ကြာပြီ ဖြစ်တာကြောင့် သူတို့ အတွက်တော့ အပူအပင် ကင်းစွာ၊ ဆိတ်ငြိမ် အေးချမ်းစွာ နားခိုရာ နေရာလေး တစ်ခု ဖြစ်နေခဲ့ပါသည်။ ဒီနေရာကို စတင် တွေ့ရှိစဉ်ကပင် ဒီနေရာလေးဟာ သူတို့အတွက် ခိုလှုံဖို့ အကောင်းဆုံး နေရာလေးဟု ထင်မြင် သုံးသပ်ခဲ့တဲ့ သူ့အတွေး၊ လက်တွေ့ မှာလည်း တကယ်ပင် ဟုတ်မှန်နေခဲ့သည်။ သို့တစေ ဒီနေရာလေးကို လွယ်လွယ်နှင့် ပိုင်ဆိုင်ခွင့် ရခဲ့သည်တော့ မဟုတ်ချေ။
အဲ့ဒီအချိန်ကတော့ စူးစမ်းလိုသည့် စိတ်နှင့် ပိုက်လိုင်း တစ်ခုပေါ်သို့ သူတက်ခဲ့သည်။ သည်လိုနှင့် တစ်နေရာ အရောက်မှာတော့ ပိုက်လိုင်း အတိုင်းပင် မှန်မှန်တက်ခဲ့သည့် သူ့အတွက် ရှေ့ တိုးစရာ နေရာမရှိ လောက်အောင် အတားအဆီး တစ်ခုက ခြားနားထား လေသည်။ အထဲကိုသာ ၀င်ခွင့်ရမည် ဆိုပါက အခွင့်အရေး ကောင်းတစ်ခု ဖြစ်မည်ဟု တွေးမိတာကြောင့် အချိန်အတန်ကြာ ၀င်ခွင့်ရဖို့ သူ ကြိုးစား အားထုတ် ခဲ့မိသည်။ နောက်ဆုံး သူတို့၏ အားကိုးရာ၊ အမြဲတမ်းပင် အသုံးတည့် လေ့ရှိသည့် သူ့၏ ထက်မြ ချွန်ထက် လွန်းလှသည့် သွားတွေနှင့်ပင် ပိုက်ဘေးက ကပ်လျက်ရှိနေသော သစ်သားပြားကို ကိုက်ဖဲ့ဖို့ ဆုံးဖြတ်ချက် ချခဲ့သည်။ ဒီလိုနဲ့ သူ့ရဲ့ ဇွဲ၊ လုံ့လတွေ ကြောင့်သာ တစ်နေ့ အထဲသို့ သူ ၀င်ခွင့်ရခဲ့ခြင်း ဖြစ်ပေသည်။ ထိုမှတဖန် သူတို့ ယခု နေထိုင်ရာ သူတို့ရဲ့ အိမ်ကလေးကို တဖြေးဖြေးချင်း အလှဆင် ခဲ့ရာမှ အခုလို အခြေအနေကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။ အခုတော့လည်း သူရယ်၊ မွေးကင်းစ သူ့သားလေးရယ်၊ သမီးလေးရယ်သာ…၊ သူ့ရဲ့ ချစ်လှစွာသော ဇနီးသည်ကတော့…။