Wednesday, 01 April 2009 00:00
အဖေနဲ့ အမေတို့က အစိုးရ ၀န်ထမ်းတွေလေ၊ ဒီတော့ နယ်မြို့ လေးတွေ တော်တော်များများမှာ အနည်းဆုံး ၃နှစ် စီလောက်တော့ နေခဲ့ရတာ ချည်းပဲ။
တနင်္သာရီတိုင်းနဲ့ပဲ အကျိုးပေး ခဲ့တာလားတော့ မပြောတတ်ဘူး၊ ကျွန်တော်ကို မွေးတော့ မိဘတွေက သရက်ချောင်း ဆေးရုံမှာ တာဝန်ကျချိန်လေ. ထားဝယ်ဆေးရုံမှာ မွေးခဲ့တော့ ထားဝယ်သားပေါ့၊ အဲဒီ နောက်မှာတော့ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း စတဲ့ တနင်္သာရီ တိုင်းထဲက မြို့ တွေထဲမှာပဲ ကျွန်တော့် ၇တန်း ကျောင်းသား ဘ၀အထိ ကျင်လည် နေခဲ့ရတာပါ။
ကော့သောင်းကို စရောက်ရောက်ချင်း ဖြစ်ခဲ့တဲ့ အမှတ်ရ စရာလေးကိုတော့ ငယ်စဉ်ဘ၀ - ၂ မှာ ရေးထား ခဲ့ပြီးပါပြီ။ အဲဒီနောက်ပိုင်း အဲဒီ အဆောင်ကနေ ၀န်ထမ်း အိမ်ယာက လုံးချင်း တစ်ထပ်တိုက်လေး တစ်ခုကို ပြောင်းနေရတယ်။ အိမ်က ဆေးရုံထက်စာရင် နိမ့်ပေမယ့် ကုန်းထိပ်မှာလို့ ပြောလို့ ရလောက်တဲ့ နေရာမျိုး.. လမ်းမကြီးတစ်ခု ပေါ်မှာ ရှိတာမျိုး မဟုတ်ဘဲ သီးသန့် ရပ်ကွက်လေး တစ်ခုလို ဖြစ်နေတဲ့ အတွက် ဆိုင်ကယ်တွေ ဘာတွေလည်း သိပ်မများတဲ့ နေရာပေါ့..
အိမ်ရဲ့ ပတ်ပတ်လည်မှာတော့ အရိပ်ကောင်းတဲ့ အပင်တွေ အပါအ၀င် ကျွန်တော်တို့ အကြိုက် မာကလာပင်၊ ဇီးသီးပင်၊ ဗန်ဒါပင်၊ သရက်ပင်၊ မန်ကျည်းပင် အစရှိတဲ့ အပင်တွေက ၀န်းရံလို့လေ. ပျော်စရာကြီးပေါ့..