Latest Comments

ဖာနန်ဒို မိုးဝေ၏ မြန်မာပြည်သို့ တစ်လတာ

လန်ဒန်မှ ချာတာ ဂျက်လေယာဉ် တစ်စင်း ရန်ကုန် တစ်ကမ္ဘာလုံး ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်သည်နှင့် ဆိုက်ရောက်လာသည့် လေယာဉ်ဘေးသို့ အရောင် တဖြတ်ဖြတ်ပင် လက်နေသည့် မာစီးဒီးစ် ကားသစ်ကြီး တစ်စီးက ချက်ချင်းပင် ရောက်လာခဲ့သည်။ လေယာဉ် တံခါး ဖွင့်လိုက်သည်နှင့် အနောက်တိုင်း ၀တ်စုံပြည့်နှင့် ဆင်းလာသည့် ပုဂ္ဂိုလ်နှစ်ဦးကို စတင် တွေ့ရှိ လိုက်ရသည်။ ထိုသူ နှစ်ဦးမှာ အနက်ဝမ်းဆက် အနောက်တိုင်း ၀တ်စုံပြည့် ၀တ်ဆင်ကာ၊  နေကာမျက်မှန် တပ်ထားသည့် ဖာနန်ဒို မိုးဝေ၏ သက်တော်စောင့်များ ဖြစ်သည့် ဂျို့ စ် အတီးနှင့် အေ့စ် ဘုန်းဇင်...

ဖာနန်ဒို အင်္ဂလန်မှ ခေတ္တ ပြန်လာခြင်းအား လေဆိပ်တွင် ကြိုဆိုကြသည့် ပရိသတ်များက အပြည့်... ဖာနန်ဒို ကစားနေသည့် လီဗာပူးလ် အသင်း အလံတွေ လွှင့်ဝဲကာ သောင်းသောင်းဖျဖျ ကြိုဆို နေကြပြီး ယူဝေနဲဗားဝေါ့ခ်အလုံး ဆိုသည့် စာတန်းကြီးက ရန်ကုန် တစ်ကမ္ဘာလုံး ဆိုင်ရာ လေဆိပ်မှ ကြိုဆို နှုတ်ခွန်းဆက်ပါသည် ဆိုသည့် စာလုံးထက်ပင် ကြီးလို့နေသေးသည်။ တချို့  ပရိသတ်များက ပြင်ဦးလွင် စီးတီး အသင်း အင်္ကျီများ ၀တ်ဆင်ကာ ၀ဲလ်ကမ်းတူ ပြင်ဦးလွင်စီးတီး အက်ဖ်စီ ဆိုသည့် စာတန်းဖြင့် ကြိုဆိုလျှက် ရှိနေကြသည်။ ဖာနန်ဒို အနေဖြင့် လီဗာပူးလ် အသင်းမှ ပြင်ဦးလွင် စီးတီး အသင်း အတွက် ခေတ္တ အငှါးစာချုပ်ဖြင့် လာရောက် ကစားခြင်း၏ ခရီးအစက စိတ်လှုပ်ရှား ဖွယ်ရာ ဖြစ်ခဲ့သည်။

ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြီးပြီးချင်း ပြိုင်ဆိုင်မှု ပြင်းထန်နေပြီ ဖြစ်သည့် အမိမြေမှ အမ်အင်အယ်လိဂ် ပြိုင်ပွဲသို့ ကစားခွင့် ရရှိရန် အတော်လေး ကြိုးစားခဲ့ရသည်။ နည်းပြဖြစ်သူ ဂျေမီ ကာရေဂါက ခွင့်မပြုလိုဘဲ ရှိနေပြန်သဖြင့် အတော်ကလေးပင် စည်းရုံး ယူခဲ့ရသည်။ နောက်ဆုံးမှသာ ပြင်ဦးလွင် စီးတီး အသင်း၏ ရာသီ နောက်ဆုံးပိတ် ၃ပွဲတွင် ပါဝင်ခွင့် ရရှခဲ့၍ ကျေနပ် ခဲ့ရပြန်သည်။

အသင်း ၂၀ ပါဝင် ယှဉ်ပြိုင်သည့် အမ်အင်အယ်လိဂ် ပြိုင်ပွဲကြီးက ပြီးဆုံးရန် ပွဲစဉ် ၃ပွဲသာ လိုတော့သည်။ ဇာတိမြို့  မဟုတ်သော်ငြား ပြင်ဦးလွင် စီးတီးအသင်း နည်းပြ ဖြစ်သူမှာ အစ်ကိုဖြစ်သူ ရာဖာချမ်း ဖြစ်နေသည်က တစ်ကြောင်း၊ ငယ်စဉ်ကတည်းက နှစ်သက်သည့် မြို့ ကလေး ဖြစ်နေပြန်သည်က တစ်ကြောင်းမို့ ပြင်ဦးလွင်စီးတီး အသင်းထံမှ ကမ်းလှမ်းခဲ့တော့ စိတ်လှုပ်ရှားခဲ့ရသည်။ ပြင်ဦးလွင် စီးတီး အသင်းမှာ လက်ရှိ အမှတ်ပေး ဇယားတွင် အဆင့်လေး နေရာတွင် ရပ်တည်နေပြီး ရမှတ် အားဖြင့် အမှတ်ပေး ဇယားထိပ်ဆုံးမှ အဏ္ဏ၀ါမြိတ် အသင်းထက် ၄မှတ် လျှော့နည်း နေပြီး ဒုတိယ နေရာမှ ဒိုက်ဦးတောင်း အသင်းနှင့် ၂မှတ်၊ တတိယ နေရာမှ ဖားကန့် အက်ဖ်စီက ရမှတ်တူ ဂိုးကွာခြား အသာဖြင့် ရပ်တည်နေခြင်း ဖြစ်သည်။

ဖာနန်ဒို အနေဖြင့် ၎င်း၏ ဇိမ်ခံကားပေါ်သို့ တက်လိုက်သည်နှင့် ကားအထဲတွင် ပြင်ဦးလွင် စီးတီး အသင်း နည်းပြဖြစ်သူ ရာဖာချမ်းက ဆီးကြိုစကားနှင့် ခရီးဦးကြို ပြုသည်။ "ဟယ်လို ဖာနန်ဒို... မင်းလေယာဉ်က နောက်ကျလိုက်တာကွာ၊ ငါတို့ လေဆိပ်ရောက်နေတာ ကြာလှပီပေါ့ကွ၊ ဒါနဲ့ ဘယ်လိုလဲ၊ မင်းရဲ့ ခြေထောက် ဒဏ်ရာက သက်သာရဲ့လား၊ စနေနေ့ ဒိုက်ဦးတောင်းနဲ့ ပွဲကို ကန်နိုင်ပါ့မလား" ဟု ဆက်တိုက်ပင် စကားတွေ ကားနေလေရဲ့... "အဟဲ... ဒီလိုပါပဲ အစ်ကိုတော်ရာ... ဘယ်လိုလဲ အစ်ကိုတော်ရဲ့ အသင်းကလည်း ပြီးခဲ့တဲ့ နောက်ဆုံးပွဲမှာ ဇယား အောက်ဆုံးက အသင်းကို ရှုံးရတယ်လို့ဗျာ၊ ဟိုမှာ အက်ဂါကတောင် နောက်နေတယ်... ဖာနန်ဒိုရာ မင်းက မြန်မာပြည်ရဲ့ အောက်ဆုံးက အသင်းကို ရှုံးတဲ့ အသင်းမှာများ အသည်းအသန် ကစားချင်ရတယ်လို့တဲ့" ...

x x x

ဒဂုံမြို့ သစ်တွင် ရှိသည့် နိုင်ငံတကာ အဆင့်မီ ဘောလုံး ကွင်းသစ်ကြီးနှင့် နှစ်မိုင်ခန့် အကွာ မြန်မာနိုင်ငံ၏ လူဂုဏ်ထံ အသိုင်းအ၀ိုင်းမှ သူများ နေကြသည့် သင်္ဃန်းကျွမ်း ဂါးဒင်း အိမ်ယာရှိ အိမ်ကြီးထဲတွင် ဖာနန်ဒို တစ်ယောက် အပန်းဖြေလျှက် ရှိနေသည်။ ထိုအချိန်တွင် သက်တော်စောင့် တစ်ဦးက "မစ္စတာ ဖာနန်ဒို... ဖုန်းလာပါတယ်... အဏ္ဏ၀ါမြိတ်ရဲ့ ပိုင်ရှင် အီဗရာ ချမ်းတဲ့" သြော်... အီဗရာချမ်း တစ်ယောက် ဘောလုံးကို စိတ်မ၀င်စား စိတ်မ၀င်စားဘူးနဲ့ အခုတော့ အသင်းထောင်လို့ ပိုင်ရှင်တောင် ဖြစ်နေပြီပဲလေ... "ဟယ်လို... မစ္စတာ ချမ်း... နေကောင်းတော် မူပါစဗျာ..." ဟု နှုတ်ခွန်းဆက်တော့ "ဟေ့ကောင် ဖာနန်ဒို မင်းက ငါ ဒီလောက် ကမ်းလှမ်းနေတဲ့ ကြားက နောက်ဆုံးတော့ မင်းအစ်ကိုရှိရာ အသင်းအတွက် ကစားပေးတော့မယ်ပေါ့ ဟုတ်လား။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ မင်း အနေနဲ့ ငါ့တို့ အဏ္ဏ၀ါမြိတ် အသင်းနဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ မရှိပါဘူး...၊ ငါတို့က ဇယားထိပ်ဆုံးက အသင်းပါကွ၊ ငါတို့မှာ ရီယိုဝေယံနဲ့ ဒန်နီယယ် စည်သူတို့ ရှိတယ်။ မင်းကို လှုပ်မရအောင် ထိန်းထားမှာ အသေအချာပဲကွ".. အင်း ခက်ချေပီ၊ နောက်တစ်ပတ်မှာ ကန်ရမယ့် အဏ္ဏ၀ါမြိတ် အသင်း ပိုင်ရှင်ကတော့ စိန်ခေါ်စကားတွေ ပြောနေလေပြီ...

x x x

စနေနေ့... ည ၈နာရီ...
မီးမောင်း အပြည့်ဖြင့် ထိန်ထိန်သာနေသည့် ဒဂုံဖီးလ် စတေဒီယံကြီးမှာ ပရိသတ်ပေါင်း တစ်သိန်း နှစ်သောင်းခန့်က လေ့ကျင့်ခန်း ဆင်းနေကြသည့် နှစ်ဖက် အသင်း ကစားသမား များအား သီချင်းများ သံပြိုင်သီဆိုကာ အားပေး နေကြသည်။ ကွင်းတစ်ဖက်ခြမ်းတွင် အ၀ါရောင် ထရိန်နင် ဂျာစီများဖြင့် လေ့ကျင့်နေကြသည့် ဒိုက်ဦးတောင်း ကလပ်အသင်း၊ အခြား တစ်ဖက်တွင်မူ ဖာနန်ဒို ပါဝင် ကစားမည့် ပြင်ဦးလွင် စီးတီးအသင်း... ပွဲစဉ်အရ ပြင်ဦးလွင် စီးတီး အနေဖြင့် အနိုင်ရပါမှ အခြေအနေ ကောင်းမည့် အနေအထား၊ ဒိုက်ဦးတောင်းမှာလည်း အနိုင်သာ ရမည် ဆိုပါက အမှတ်ပေး ဇယားကိုပင် ဦးဆောင်ခွင့် ရနိုင်သည့် အသင်း။

မကြာမီ ပွဲစတင်တော့မည်မို့ နှစ်ဖက် အသင်းသားများ နှုတ်ဆက်ကြသည်။ ဖာနန်ဒိုအဖို့ ငယ်စဉ်က နေခဲ့ဖူးသည့် ဒေသမှ ငယ်သူငယ်ချင်းများ ဖြစ်သည့် ဒိုက်ဦးတောင်း အသင်း၏ မြို့ ခံ ပလေယာ ကြီးများ ဖြစ်ကြသည့် ရွိုင်ယန် အောင်ကို၊ လူးဝစ် သန့်ရှင်း၊ ဒီဒီယာ ကိုလေးတို့ ပါဝင် နေသည်ကို တွေ့ရသည်။ အသင်း အုပ်ချုပ်သူမှာလည်း ရှည်ရှည်လျားလျား ပီတာ အောင်ပိုင်က ရှိနေပြန်သည်။ ငယ်သူငယ်ချင်း များနှင့် အပြတ်နွှဲ ရတော့မည်ဟု တွေးနေစဉ်မှာ ပင် ကွင်းဘေးတွင် ရောက်နေသည့် နည်းစနစ် ဒါရိုက်တာ စတီဖင် မင်းဇော်က "ဟေ့ကောင်... မင်း ငါတို့ကို နိုင်အောင် ကန်စမ်းပါကွ၊ မင်း သိထားဖို့က အခု ငါတို့ဖက်က ကစားမယ် ဆိုတဲ့ ကောင်တွေက အရင်က မင်းနဲ့ ဗွက်တောထဲမှာ နွားချေးတွေ ကြားထဲ လူးပြီး ကန်ခဲ့တဲ့ ကောင်တွေပဲကွ၊ ဒါပေမယ့် မတူတော့တာက ဒီကောင်တွေ အဆင့်က အခု နွားချေးကွင်း အဆင့် မဟုတ်တော့ဘူး။ မင်းလည်း သိပါတယ်ကွာ" ဟု ဆိုကာ ခပ်မြောက်မြောက် ဂိုက်ဟန်ဖြင့် ပရိသတ် အများရှေ့ တွင် ပဲများကာ ရုပ်လုံးပြနေလေရဲ့...

ပထမပိုင်းတွင် ဒိုက်ဦးတောင်း တောင်ပံ တစ်ကျောက ကစားနေသည့် ရွိုင်ယန် အောင်ကိုကို မထိန်းနိုင်၍ ပြင်ဦးလွင် စီးတီး နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့သည်။ သို့သော် ပွဲပြီး ရလဒ်က ပြင်ဦးလွင် စီးတီး ၄ဂိုး ဒိုက်ဦးတောင်း ၂ဂိုး... ပရိသတ်များထံမှ ဖာနန်ဒို ဖာနန်ဒို. ဖာနန်ဒို ဆိုသည့် အသံများ ပဲ့ထင်ထပ်နေလေရဲ့...

x x x

"ဟုတ်ကဲ့ပါ ခင်ဗျာ... ကျွန်တော် ဆော့ကာကမ္ဘာ ကပါ ခင်ဗျာ့... ဖာနန်ဒိုနဲ့ အင်တာဗျူးလေး လုပ်ချင်လို့ပါ ခင်ဗျာ" ဟု ဖုန်းနဲ့ လှမ်းဆက်လာသူက ဆော့ကာကမ္ဘာဒေါ့ကွန်း ရဲ့ အယ်ဒီတာ ဖြစ်သူ စူပါဇင်သော်... "အေးလေ... မနက်ဖြန် နေ့လည်ပိုင်း အချိန်ပေးမယ်လေ... ၁၅မိနစ်ဆိုရင် ဖြစ်တယ်မလား" ဟု ဆိုကာ ဖာနန်ဒို လက်ထဲမှ သတင်းစာအား ဆက်ဖတ်နေလေသည်။ ၎င်းသတင်းစာ နောက်ကျောဖုံးတွင် ပါဝင်သည့် သတင်းခေါင်းစဉ်က "အဏ္ဏ၀ါမြိတ် အသင်း မထင်မှတ်ဘဲ ဒယ်လ်တာ ယူနိုက်တက် အသင်းအား သရေကျခဲ့ ~ ဖားကန့် အက်ဖ်စီနှင့် ပြင်ဦးလွင် စီးတီးတို့ နိုင်ပွဲဆက်" ...

x x x

အယ်ဒီတာ စူပါ ဇင်သော်က နောက်ဆုံး မေးခွန်း အနေဖြင့် "ဖာနန်ဒို အနေနဲ့ အခု ပြိုင်ပွဲအပြီးမှာ လီဗာပူးလ် အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ မယ်လို့ ထွက်ပေါ်နေတဲ့ သတင်း အပေါ် တစ်ခုခု ပြောပေးပါဦးလား" ဟု မေးရာ... ဖာနန်ဒိုက "ဒီလိုရှိတယ်လေ... အိုဝင်လို ကစားသမားမျိုး နောက်တစ်ယောက် ရှိလာတော့မှာ မဟုတ်ပါဘူး။ ကျွန်တော့် အနေနဲ့က မန်ယူမှာ သူငယ်ချင်း ဖြစ်သူ ချာ အဲလက်စ် ဗိုက်ကလေး နည်းပြနေတယ် ဆိုပေမယ့် လီဗာပူးလ် ချစ်သူတွေ ရင်ထဲမှာ ခံစားချက် တစ်ခုခု မဖြစ်ပေါ် စေချင်ဘူးပေါ့... ကျွန်တော် လီဗာပူးလ်မှာ မကစားဖြစ် တော့ရင်တောင် မြန်မာပြည်ကိုပဲ ပြန်လာမှာပါ။"...

x x x

ညပိုင်းအရောက် ဒင်နာ တစ်ခုသို့ အဖိတ်ကြား ခံရပြီး ပြင်ဦးလွင် စီးတီး အသင်း ပိုင်ရှင်ဖြစ်သူ တွန်ဇေယျာက ဖိတ်ကြားသဖြင့် တက်ရောက် ရပြန်သည်။ တစ်နေ့တစ်နေ့ အပွိုင့်မင့်တွေ များလွန်းလို့ စိတ်ပျက်ရသည့် ကြားကပင် အသင်း ပိုင်ရှင်ဖြစ်သူ လင်မယား တွမ်ဇေယျာနှင့် မဟေသီတို့၏ ဖိတ်ကြားမှုအား တက်ရောက် ခဲ့ရသည်မှာ ပြဿနာ မဟုတ်သော်လည်း စိတ်ပျက်ရသည်က စီအီးအို လုပ်သူ ဇာဘီ ထိုက်ထိုက်... အစ်ကိုဖြစ်သူ ပိုင်ရှင်ဖြစ်၍ စီအီးအို ဖြစ်လာခဲ့သူ ဇာဘီ ထိုက်ထိုက်မှာ ကောင်မလေးများ ကြားမှ မထွက်နိုင်...

x x x

နောက်တစ်နေ့ နံနက် မနက်စာ စားပြီးသည်နှင့် ဖုန်းတစ်ကော ၀င်လာပြန်သည်။ ၀က်ဘ်ဆိုက် ကုမ္ပဏီ တစ်ခုက ဖာနန်ဒိုနှင့် ပတ်သက်သမျှ ဒီဇိုင်းတွေ အတွက် စပွန်ဆာ ပေးချင်လို့ပါတဲ့... ရော် ခက်ပါပေရောလား.. စပွန်ဆာတွေက များလွန်းသည့်ကြား… ပြောလည်း မရ.. အတင်းအဓ္ဓမပင်.. "ကျွန်တော့်ကို မမှတ်မိဘူးလားဗျ.. ဖာနန်ဒိုရ.. ကျွန်တော် အခု စင်္ကာပူက ပြန်လာပြီး ကိုယ်ပိုင် ကုမ္ပဏီတစ်ခု ဖွင့်ထားတယ်လေ..." ဟု မိတ်ဆက်လာသူက  cxan design stutio ၏ သူဌေး အာစင်ချမ်း...

x x x

ပွဲကတော့ ကောင်းချေပြီ၊ ယနေ့ ကစားရမည်က အဏ္ဏ၀ါမြိတ်နှင့် ပြင်ဦးလွင် စီးတီး၊ အဆင့် ၁နှင့် အဆင့်၃၊ ကွင်းက သုဝဏ္ဏဖို့ဒ်မှာ၊ အရင် သုဝဏ္ဏကွင်းနှင့် လားလားမျှပင် မသက်ဆိုင်တော့... အဲ့ဒီကွင်းကို စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် အရပ်မြင့်မြင့် ဗိုက်ပူပူ ဖို့ဒ်စည်သူက အကုန်ကျခံကာ ပြင်ဆင်ပေးခဲ့ပြီး နာမည်ကိုလည်း သုဝဏ္ဏဖို့ဒ်ဟု အမည်တွင်စေခဲ့သည်။ အခုချိန်တွင် မြန်မာပြည်၏ အကောင်းဆုံးနှင့် အဆင့်အမြင့်ဆုံး ဘောလုံးကွင်း...

ဗီအိုင်ပီ အခန်းထဲတွင်ကား အသင်းပိုင်ရှင် နှစ်ဦးဖြစ်သူ တွမ်ဇေယျာနှင့် အီဗရာချမ်းတို့ စကားစမြည် ပြောနေလေရဲ့ (တကယ်တော့ လောင်းကြေးထပ်နေတာ)... အမ်အင်အယ်လ်လိဂ်ရဲ့ စီအီးအို ဖြစ်သူ မက်ခ်သားငယ်နှင့် အစ်ကိုဖြစ်သူ ဆောက်လုပ်ရေး ကန်ထရိုက်တာ သူဌေးကြီး မက်ခ်သားကြီး တို့လည်း ဗီအိုင်ပီ အခန်းထဲတွင် ရှိနေကြသည်ကို တွေ့ရပြန်သည်။

အဏ္ဏ၀ါမြိတ် အသင်း ဂိုးသမားက ဖာနန်ဒို၏ ညီဖြစ်သူ ဂျာဇီဖိုးကျော် ဖြစ်ပြီး အသင်း မန်နေဂျာ ဖြစ်သူမှာ အစ်ကိုဖြစ်သူ မာတင်အိုလ်သော် ဖြစ်သည်။ ဖာနန်ဒိုတို့ ညီအစ်ကို လေးယောက်၊ တစ်ဖက် နှစ်ယောက်စီ အားပြိုင် ကြရမည့်ပွဲ၊ မန်နေဂျာ နှစ်ဦးဖြစ်သည့် အစ်ကို နှစ်ယောက်မှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဗျူဟာခင်းကြမည် ဖြစ်သလို၊ ညီဖြစ်သူ ဂျာဇီဖိုးကျော် ကလည်း ဖာနန်ဒို၏ ဂိုးသွင်းချက်များ ကာကွယ်ရန် အဆင်သင့်...

ပွဲက စချေပြီ၊ ပရိသတ်များက တခဲနက် အားပေးကြသကဲ့သို့ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြ၍ ပွဲမှာ အသက်ပင် ၀၀ပင် မရှူနိုင်လောက်အောင် ကောင်းနေသည်။ ပထမပိုင်း ပြီးလုနီးနီးတွင် ဖာနန်ဒို အပိုင် ပိတ်သွင်းခွင့် ရခဲ့သော်လည်း ဂျာဇီဖိုးကျော်က သူ၏ ၀ဖြိုးသော ခန္ဓာကိုယ် မပါသည့်အလား လေပေါ်တွင် လွှင့်ဝဲလျှက် ပုတ်ထုတ် ကာကွယ်လိုက်၍ တစ်ဂိုးစီ သရေ ဖြစ်နေခဲ့ရသည်။ ထို့ပြင် ဖာနန်ဒို၏ တိုက်စစ်အား ဒန်နီယယ် စည်သူနှင့် ရီယိုဝေယံ တို့ကလည်း ဖာနန်ဒို ဦးဆောင်သည့် တိုက်စစ်အား အကောင်းဆုံး ထိန်းထား နိုင်ခဲ့သည်ကို တွေ့ရသည်။

ဒုတိယပိုင်း အရောက်တွင် မာတင်အိုလ်သော်က အဏ္ဏ၀ါမြိတ် အသင်းအား ဗျူဟာ ပြောင်းကစား စေခဲ့သဖြင့် ပြင်ဦးလွင် အသင်း မချိမဆန့် ခံကစား နေခဲ့ရသည်။ သို့သော် ပွဲချိန် ၇၀ ကျော် အရောက်တွင် ဖာနန်ဒို ဘောလုံး ဆွဲပြေးလာသည်ကို ဂိုးသမား ဂျာဇီဖိုးကျော် ကာကွယ်ရန် ပြေးအထွက် ဖာနန်ဒိုက ဖိန့်ပြလိုက်ရာ သူ၏ ခန္ဓာကိုယ်အား မထိန်းနိုင်ဘဲ ချော်လဲသွားပြီး လူချမိသလို ဖြစ်၍ ထိပ်ပြောင်ပြောင်နှင့် ဒိုင်ဖြစ်သူ ကော်လီဗာက ဂျာဇီဖိုးကျော်အား အနီကဒ်အား အနီးကပ်ပြကာ ထုတ်ပယ်ခဲ့ပြီး ပြင်ဦးလွင် စီးတီး အသင်းအား ပင်နယ်တီ ကန်ခွင့် သတ်မှတ် ပေးခဲ့သည်။ ကွင်းဘေး တစ်လျှောက်တွင်မူ ကော်လီဗာ ဆုံးဖြတ်ချက်အား မကျေနပ်သည့် မာတင်အိုလ်သော်က အော်ဟစ် ပေါက်ကွဲနေခဲ့ပြီး တစ်ဖက်တွင် ရာဖာချမ်းမှာ ပြုံးပြုံး ပြုံးပြုံးနှင့် အခန့်သား ထိုင်နေလေ၏...

ဂျာဇီဖိုးကျော် နေရာ ၀င်ရောက် တာဝန်ယူမည့် ဂိုးသမားမှာ ခုန်ဆွခုန်ဆွနှင့် သွေးပူ တစ်ခဏမျှ ပြုလုပ်ပြီးသည်နှင့် ဖာနန်ဒို ကန်သွင်းမည့် ပင်နယ်တီ ဂိုးပေါက်ထံ အပြေး ရောက်လာခဲ့သည်။ ကြည့်လိုက်တော့မှ မိတ်ဆွေဟောင်း တစ်ဦး ဖြစ်နေသည်ကို တွေ့ရပြန်သည်။ သူကား... အက်ဒ၀င် ထွဋ် ဆိုသည့် ဂိုးသမားလေး၊ ရေကူးမျက်မှန် ကဲ့သို့သော မျက်မှန်လေးကို ခေါင်းမှာတတ်လျှက်၊ ဒယိုင်းဒယိုင် ကားယား ကားယားနှင့်…

x x x

တစ်ဂိုးဖြင့် ကပ်နိုင်ခဲ့ရ သော်လည်း ဒိုင်ဖြစ်သူ ကော်လီဗာကြောင့်သာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဆော့ကာကမ္ဘာ ၀က်ဘ်ဆိုက် အပါအ၀င် သတင်း မီဒီယာများက ၀ိုင်းဝန်းရေးသား ခဲ့ကြပြီး နောက်ဆုံးပွဲတွင် ဖားကန့် အက်ဖ်စီ အသင်းနှင့် ပွဲမှာ အနိုင်ရရှိမည့် သူ ဗိုလ်စွဲမည် ဖြစ်ကြောင်း၊ အဏ္ဏ၀ါ မြိတ်အသင်း အနေဖြင့်လည်း အခွင့်အရေး ရှိနေဆဲ ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။

နောက်ဆုံးပွဲတွင် ကစားရမည့် လက်ရှိ ဇယားထိပ်ဆုံးမှ ဖားကန့် အက်ဖ်စီမှာ ကျောက်သူဌေးများ စုဖွဲ့ တည်ဆောက်ထားသည့် အသင်းဖြစ်ပြီး ကစားသမား နည်းပြဖြစ်သူ ကင်နီ ရော်ဘင်အား ခန့်အပ်ထားသည်။ ပြိုင်ပွဲနှင့် ပြိုင်ဘက်များ အနေအထား အရ နောက်ဆုံးပွဲတွင် နိုင်မှ ဖြစ်မည် ဖြစ်နေပြန်ရာ အသင်းပိုင်ရှင် တွမ်ဇေယျာမှာ နေမထိ ထိုင်မသာ ဖြစ်နေ၍လား မပြောတတ် အသင်း လေ့ကျင့်ရေးသို့ အမြဲလိုလိုပင် ရောက်ရှိနေတတ်ရာ ၃ရက်မြောက် နေ့တွင် ရာဖာချမ်းက "မစ္စတာ တွမ်၊ ခင်ဗျားပဲ နည်းပြ လာလုပ်ပါတော့လားဗျာ" ဟု ခနဲ့စကား ဆိုမှ နောက်နေ့တွင် ရောက်မလာတော့…

ဒီကြားထဲ ပြိုင်ဘက် ဖားကန့် အက်ဖ်စီမှ နည်းပြဖြစ်သူ ကင်နီရော်ဘင်မှာ ခင်မင်ရင်းနှီးသူ ဖြစ်သည့် အလျှောက် ဖုန်းဖြင့်တစ်မျိုး၊ အီးမေးလ်ဖြင့် တဖန် ခဏခဏ စိန်ခေါ်နေပြန်ရာ ဖာနန်ဒို အနေဖြင့် နောက်ဆုံးတွင် ဖုန်းလည်းပိတ်၊ အီးမေးလ်လည်း မစစ်ဘဲ နေလိုက်ရသည်။ နောက်ဆုံး ဖုန်းထဲတွင် သူပြောသွားသည်က “မပူနဲ့ ဖာနန်ဒို… နောက်ဆုံးပွဲမှာ ငါကိုယ်တိုင်ရော… ရော်ဘီလင်းပါ ၀င်ကစားမှာ… မင်းကို တွယ်မလို့ပေါ့ကွ… ဟဟဟ”….

x x x

နောက်ဆုံး အဆုံးအဖြတ် ပေးမည့် ပွဲစဉ် ကစားရမည့် ရက်က ရောက်လာခဲ့ချေပြီ။ ပြင်ဦးလွင် အသင်း အနေဖြင့် ဂိုးကွာခြားချက် အရ အနိုင်ကစားမှသာ ချန်ပီယံ ဖြစ်မည်။ သရေဆိုပါက ဖားကန့် အက်ဖ်စီ သို့မဟုတ် အဏ္ဏ၀ါမြိတ် အသင်းက ချန်ပီယံဖြစ်မည်။ ကစားရမည့် ကွင်းမှာကား အသစ် တည်ဆောက်ထားသည့် ကွင်းတစ်ကွင်း ဖြစ်သည့် သထုံ မလန်းနီးယန်းမ် ကွင်းကြီးပင်…
 
ပွဲကန်မည် ဆို၍ ကွင်းထဲ ၀င်မည် ပြင်ချိန်ကျမှ တစ်ဖက် အသင်း လူစာရင်းအား ကြည့်မိပြန်ရာ တစ်ချိန်က သထုံကွင်းတွင် ကစားခဲ့သည့် လီဗာပူးလ် ဖန်များအသင်း ထင်မှတ်ရလောက်အောင် တစ်သင်းလုံး ပါဝင်နေသည်ကို တွေ့ရပြီး မပါသည်မှာ ဖာနန်ဒိုတို့ ညီအစ်ကို လေးယောက်ပင် ရှိတော့သည်။

တိုက်စစ်တွင်မူ စပီကာ ဂျရတ်၊ ရော်ဘီဘဲဥ တို့အား ကစားစေလျှက် ရှိနေပြီး ဘယ်တောင်ပံတွင် ဟာရီကီကို၊ ညာဘက်တွင်မူ ဒါ့ခ်ဇင်ဂွတ်၊ ကွင်းလယ် ဗဟိုတွင် ဂျဗီယား ရာဟုနှင့် ယိုစီ သူရကျော်တို့ အား တွဲကစားစေသည်ကို တွေ့ရသည်။ နောက်ခံ ဘယ်အစွန်တွင်မူ ဖာဘီယို မင်းသိန်းကြီး၊ ညာ အစွန်တွင် ဂလင်းဟက်ကာ ကစားသည်ကိုလည်း တွေ့ရပြီး ဗဟိုခံစစ် နေရာတွင်မူ ဆာမီ သ၀မ်းနှင့် ရော်ဘီလင်းအား တွေ့ရကာ ဂိုးသမား နေရာတွင်မူ ထောင်ထောင် မောင်းမောင်းနှင့် ပီပီဖိုးနီအား ကစားစေသည်ကို တွေ့ရသည်။ တကယ်တမ်း ပွဲစသည် ဆိုလျှင် ဖားကန့် အက်ဖ်စီ အသင်း အနေဖြင့် ကင်နီ ရော်ဘင်ကြီး ကစားကွက် အတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် ကစားလျှက် ရှိရာ ပြင်ဦးလွင် အသင်း အခြေမလှဘဲ ရှိနေလေသည်။

သို့သော် ရာဖာချမ်းက အခြေအနေကို သုံးသပ်မိသည်နှင့် တပြိုင်နက် အသင်း၏ ၀ှက်ဖဲ ကစားသမား ဖြစ်သည့် လူငယ်လေး သီယို ဖူးကိုအား ၀င်ရောက် ကစားစေခဲ့ရာ ဖားကန့် အက်ဖ်စီ အသင်းအား ပြန်လည် အသာရအောင် ကစားနိုင်ခဲ့သည်။ တစ်ဖက် အသင်း နောက်ခံလူ နှစ်ဦးဖြစ်သည့် ရော်ဘီလင်းနှင့် ဆာမီ သ၀မ်းတို့မှာ ဖာနန်ဒိုနှင့် တိုက်စစ်အား မထိန်းနိုင်ဘဲ ဂိုးသမားကြီး ပီပီဖိုးနီမှာ အသည်းအသန် ပုတ်ထုတ် ကာကွယ် နေခဲ့ရသည်။ ပွဲချိန် ကြာလာသည်နှင့် အမျှ ဖားကန့်အက်ဖ်စီ အသင်းမှာ နောက်ခံလူ နှစ်ဦးကြောင့် နောက်တန်း ပွင့်ထွက်ခဲ့ရပြီး ပွဲပြီးခါနီးတွင်ပင် သွင်းယူသွားသည့် လူငယ်လေး သီယို ဖူးကို၏ သွင်းဂိုး နှစ်ဂိုးဖြင့် ပြင်ဦးလွင် အသင်းက ဗိုလ်စွဲခဲ့လေသည်။

x x x

တစ်လ နီးပါး ကြာမြင့်ခဲ့သည့် မြန်မာပြည် ခရီးစဉ် နိဂုံး အနေဖြင့် ရန်ကုန် တစ်ကမ္ဘာလုံး ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွါတော့မည် ဖြစ်ရာ ဖာနန်ဒိုအား ပရိသတ်ပေါင်း များစွာက လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြပြီး ဖာနန်ဒို အနေဖြင့် အမ်အင်အယ် လိဂ်ပြိုင်ပွဲမှ ရရှိသည့် ဆုတံဆိပ်အား လည်ပင်းတွင် ချိတ်ဆွဲကာ ၎င်းစီးနင်းလာသည့် စင်းလုံးငှါး ချာတာ ဂျက်လေယာဉ်လေး ဖြင့်ပင် ပြန်လည် ထွက်ခွါ သွားလေတော့သည်…။

မိုးဝေ
၉း၃၇ ဇူလိုင် ၃၀ ၂၀၀၉

စာကြွင်း - အခု ဒီ "ဖာနန်ဒို မိုးဝေ၏ မြန်မာပြည်သို့ တစ်လတာ" မှာ သူငယ်ချင်း အပေါင်းအသင်း၊ ညီအစ်ကိုများနဲ့ ပတ်သက်ပြီး အပျော်သဘော သက်သက်ပဲ ရေးခဲ့တာပါ။ အမှားအယွင်း ရှိခဲ့ပါက ခွင့်လွှတ် ပေးကြပါလို့။ နောက်ပြီး ခင်မင် ရင်းနှီးပါလျှက်နှင့် မေ့ကျန်ခဲ့သူများ ရှိပါကလည်း နားလည်ပေးပါလို့...

Comments (19)

Subscribe to this comment's feed
...
0
အလို.... ဘာရယ်... :D nice!!!
မင်းယွန်းသစ် , August 01, 2009 | url
...
0
တစ်ချိန်လုံး ရယ်နေရတယ်..... အကိုရေးတာတော်တော် ကောင်းတယ်။ ဒါပေမဲ့ ဖရန့် လည်းပါဘူး... . တော်တော်ကောင်းပါတယ်။
:)
lawlawsal , July 31, 2009 | url
...
0
အရေးအသား တွေက တယ်ပြောင်မြောက် ပါလား ဘောဆြာကြီးးး ဖာနန်ဒိုမိုးဝေ...
ရယ်နေရတယ်.... ဟားဟားး
နှင်းပွင့်ဖြူလေး , July 31, 2009 | url
...
0
ဖာနန်ဒို မိုးရေ..
ရန်ကုန်ပြန်ဖို့ ဂျက်လေယာဉ် ခနပေး ငှားပါဆိုလို့ .. ငှားလိုက်တာ.. ပြန်လည်းမပေးသေးဘူး.. ပြီးတော့ ရန်ကုန်ရောက်တုန်း စီးဖို့ကား ခန ငှားပါဆိုလို့ ..မာဆီဒီးကား.. ငှားထားတာ .. ဘယ်တော့ပြန်ပေးမှာလည်း...
မဒမ် အဲလက်စ် , July 31, 2009
...
0
အာဆင်ချမ်းနှင့် ကြင်ယာတော်တို့မှာ အင်းယားလိပ် တွင် ချစ်ခင် ကောင်းမွန်စွာ ရှိနေကြကြောင်း သတင်းရရှိသည်။ အာဆင်ချမ်း၏ ဘာညာကွိကွ လမင်းမဲ သာလျှင် ကျွန်းစောင့် ဖြစ်သောကြောင့် ကျွန်းတွင် ရှိနေခြင်းဖြစ်သည်။
ရခိုင်ဘုရင်မ website , July 31, 2009
...
0
ကာရစ်ဘီးယမ်းရှိ သတင်းထောက်မှ ပေးပို့ခြင်း
အပြည့်အစုံမှာ ပြင်ဦးလွင်အက်ဖ်စီအသင်း သည် ကာရစ်ဘီးယမ်းရှိ အသင်းပိုင်ကျွန်းသို့ အပန်းဖြေသွားနေရင်း မတော်တဆ ကျွန်းသည် ဆူနာမီဒဏ်ကို ခံလိုက်ရခြင်းကြောင့် အသင်းသားအားလုံး နောင်ဘောလုံးမကစားနိုင်လောက်အောင် အပြင်းအထန် ဒဏ်ရာရရှိ ၊
ကံကောင်းသည်မှာ ကျွန်းပိုင်ရှင် နှင့် ကျွန်းပိုင်ရှင် ကတော်ချောလေးမှာ ငတ်နေကြသော အသင်းသားတွေကို အကျန်တွေ ကျွေးမည်ဆိုပီးအသွားတွင် ဖာနန်ဒို ပိန်ပိန် အော်မှားလို့ မိုးဝေဧ။် အရေးတကြီး ဖိတ်ကြားချက်အရ အင်းယားလိတ်သို့ မာစီးဒီးကားကြီးနှင့် သွားနေပါသောကြောင့် ထိုဆူနာမီဒဏ်မှ လွတ်ကင်းပါကြောင်း
အာဆင်ချမ်းကြင်ယာတော် , July 31, 2009 | url
...
0
@MYO HAN HTUN
ideal တစ်ခုထဲမဟုတ်ဘူးအစ်ကို ကျနော်တို့ သူငယ်ချင်း [boys]တွေအကုန်လုံးကို ရေးထားတာ။
တွမ်ဇေယျာ , July 31, 2009
...
0
ဂွမ် .. ဂွမ် .. ဂွမ် ..
ကြားဖြတ် သတင်း
ပြင်ဦးလွင်အက်ဖ်စီအသင်း သည် ယခုအခါ ကာရစ်ဘီးယမ်းရှိ အသင်းပိုင်ကျွန်းသို့ အပန်းဖြေသွားနေကြောင်း အတင်းရရှိသည်။ အသင်းအား ကျွန်းနီးချင်းဖြစ်သူ Jack Sparrow လည်း ကျွန်းစောင့်ချုပ် ဖြစ်သူ အာစင်ချမ်း၏ ဘာညာကွိကွ လမင်းမဲနှင့်အတူ လာရောက် ဂရ၀ ပြုကြောင်း။ ရခိုင်ဘုရင်မ ၏ website မှ ကြားသိရလေသည်။

တိန် ..

တွမ်ဇေယျာ , July 31, 2009
...
0
အရေးအသား က တော့ ကောင်းမှကောင်း bro, ဒါပေမယ့် Theone က ဖာနန်ဒိုမိုးဝေရဲ့တိုက်စစ်ကို မခံနိုင်ဘူးဆိုတာတော့ တကယ်ကန်ပြကြမှယုံမယ်။ (ကို့လူကို ကိုယ် အထင်ကြီးကြည့်မယ်နော်..............) (P.S - အကိုမုန့်ကျွေးရင်မြှောက်ပြီးရေးပေးမယ်။)
Acho , July 31, 2009
...
0
မကျေနပ်ဘူးဗျာ အနီကပ်ပြလို့ တကယ်တော့ ဘောလုံးကိုဖမ်းတာပါဂျ ဒါပေမဲ့ ဗိုက်ကပူနေတော့ တိုက်မိတော့တာပေါ့ ဒါကို အနီကပ်ပြတာတော့ ဒိုင်လူကြီးလွန်တယ်ဗျာ .. ဒါကျွန်တော့်ဗိုက်က ကော်စားတာနဲ အတူတူပဲဂျ :P
ဂျာဇီဖိုးကျော် , July 31, 2009
...
0
နောက်ဆက်တွဲသတင်း

ဆော့ကာ ကမ္ဘာဒေါ့ကွန်း ရဲ့ အယ်ဒီတာ.. ဖြစ်သူ စူပါဇင်သော် နှင့် ချာ အဲလက်စ် ဗိုက်ကလေး တို့ရဲ့ အင်တာဗျူး

စူပါဇင်သော် .. အခု အပြေင်းအရွှေ့  ကာလမှာ ဖာနန်ဒို မိုးဝေ ကို ခေါ်ယူဖို့ မန်ယူ က စိတ်ဝင်စားနေတယ်ဆို ..
ချာ အဲလက်စ်း ဖာကြီးမိုး (ချစ်စနိုး ..နှင့်) က ကျွန်တော်ရင်းနှီးတဲ့ မိတ်ဆွေပါ.. မန်ယူ ကိုခေါ်ယူဖို့ နဲနဲတော့ စိတ်ဝင်စားပါတယ်.. ဒါပေမဲ့ သူ့ကို ဈေးကြီးပေး ခေါ်မှာတော့မဟုတ်ပါဘူး.. မတန်လို့ပါ.. (စပ်ဖြီးဖြီးလုပ်ရင်း.. ) ဒါပေမဲ့ ဘောလုံးလောက ဆိုတာပြောလို့မရဘူးလေ.. ဖာကြီးမိုး ရဲ့ icon အိုဝင် လို့ပဲ သူလဲဖြစ်ချင်ဖြစ်မှာ ပေါ့ ..နောက် အသင်း ပြောင်းပြီး.. ဒဏ်ရာရမှ ခေါ်လိုက်မယ်လေ .. ဟီး...

စူပါဇင်သော်း အဲလိုဆို သူပြောင်းလာမယ် ထင်ပါသလား..

ချာ အဲလက်စ်း ဟုတ်ကဲ့ ထင်ပါတယ်..အချောင် ရရင်တော့ ခေါ်မှာပေါ့ ... ဟီး... အသက်ကြီးလို့ အနားယူတော့မယ်ဆိုလည်း ဘောကောက်ရာထူးပေးမယ်ဆိုပြီး စီးရုံးလိုက်မှာပေါ့...ဟီး..သူပြောဘူးတာတော့ ဘောလုံး လောက.. ကနေ အနားယူရင်.. ဘောကောက်လိုင်စင် ယူပြီးဘဲ ဘောလုံးလောက မှာဆက်နေမယ်တဲ့.. သူ့အစ်ကို တွေနဲ့ ကျွန်တော့်လို မန်နေဂျာ မလုပ်ချင်ဘူးပြောတာဘဲ..

စူပါဇင်သော်း အခု ဖာနန်ဒို မိုးဝေ အမ်အင်အယ်လိဂ် ကိုအငှား နဲ့လာပြီး ကစားနေတဲ့ အပေါ် ထင်မြင်ချက်လေးပေးပါအုံး..
ချာ အဲလက်စ်း ဖာကြီးမိုး ၁ ချက်ခုတ် ၂ ချက်ပြတ် လုပ်သွားတာပါ.. အမှန်က သူကောင်မလေး (we_know_who) ကိုပါတီလုပ် ပေးချင်လို့ ရန်ကုန်ကို ပြန်သွားတာ.. soccergossip.com မှာ ကြည့်ပါလား သူတို့ ကမ်းခြေ သွားတဲ့ သတင်းတွေကြီးဘဲ..

စူပါဇင်သော်း မန်ယူရဲ့ အနာဂတ်လေးကို နဲနဲလောက်ပြောပြပေးပါအုံး..
ချာ အဲလက်စ်း မန်ယူ ကတော့ သိတဲ့အတိုင်း.. မနှစ်က ၂၀ကြိမ်မြောက် ပရီးမီးယားလိပ် ကို ဆက်တိုက်ရပြီး ..အခု ၂၁ ကြိမ်မြောက် အတွက်ပြင်ဆင်နေတယ်လေ.. ဟဲဟဲ.. (ဟူး.. စပ်ဖြီးဖြီးနှင့် မေးခွန်းများကို ဖြေသွားပါတယ်.. )
ချာ အဲလက်စ် ဗိုက်ကလေး , July 31, 2009 | url
...
0
ဘရာဇီး ရွာသာကြီး ကလပ်လည်း ထည့်ပါအုံး။ ကြည့်ရတာ Ideal က လူတွေ အကုန်လုံး ထည့်ထားပုံရတယ်။
MYO HAN HTUN , July 31, 2009 | url
...
0
Ko Mo Wai..ခုလိုကျနော်တို့ရဲ့ နာမည်ကိုထည့်တဲ့အတွက်ပျော်စရာကောင်း
ပြီး...မတွေ့ တာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေကို သတိရစေတာပေါ့ဗျာ
ဒါပင်မဲ့ ... ကျနော်တို့အသင်းတွေကတော့ ရူံးပြီး..အကိုအသင်းကတော့နိုင်
တယ်ဆိုတော့.... ဦးဇော်ဇော်ကိုတိုင်မယ်ဗျာ...
gerrard , July 31, 2009 | url
...
0
တီလီမို.. ရခိုင်ပြည်သို့ အလည်လိုက်ချင် ပါသော်ငြား မီးသုံးလုံး လင်းမည် စိုးပါသောကြောင့် မလိုက်တော့ပါ....

စိတ်မပါ လက်မပါ ပေါသည်ကို နားလည်နိုင်ပါ သော်လည်း နှာမောင်း မပါဘဲ ပေါသည်ကိုတော့ နားလည်ရ ခက်ပါသည်
moewai , July 31, 2009 | url
...
0
အလိုလေးလေးလေး...
ရေးတဲ့သူပဲ ဂေါက်သွားတယ်ထင်နေတာ.. ကွန်းမန့်ပေးတဲ့သူတွေပါဂေါက်သွားရှာသကိုး။ (ကိုဖိုးချမ်းကိုရည်ရွယ်သည်။)

အဟမ်း....
အကျွန်ုပ် ဝေသာလီ ဘုရင်မကြီး မဟာလက်ကရီ တီလိမို ကလဲ ဖာနန်ဒို ပိန်ပိန် အား (ချစ်စနိုးဖြင့် ခေါ်ခြင်းဖြစ်သည်) အကျွန်ုပ် ပိုင် ရခိုင် အင်ပါယာ သို့ အကျွန်ုပ် နှင့်အတူ သီချင်းများ ဆိုပီး အပန်းဖြေရန် ဖိတ်ခေါ်လိုက်ပါသည်။ အသင်အိ ငယ်ကျွန်ဂျီးများကိုပါ ခေါ်ဆောင်လာနိုင်တီ။

ပုံ-
ရခိုင်ဘုရင်မ- မဟာလက်ကရီ တီလိမို။

(အကိုတော်တွေ ပေါကြသဖြင့် အကျွန်ုပ် ညီမတော် ပေါရခြင်းပင်ဖြစ်ချေသည်။ စိတ်မပါ လက်မပါ ပေါသည်။)
9/9 , July 31, 2009 | url
...
0
လုံးဝမကျေနပ်ပါ အာစင်ချမ်းဧ။် ကြင်ယာဖက် အကျွနုပ်အကြောင်း မပါသောကြောင့်ဖြစ်သည်။
နောက်တခါရေးရင် ထဲ့ဖြစ်အောင်ထဲ့ပါ.ဒါပဲ ဖာနန်ဒိုကြီး
နောက်တခါ ဂျက်လေယာဉ်မှာ ဘုံးဝှက်ထားမယ် :)
အာစင်ချမ်းဧ။် ကြင်ယာတော် , July 31, 2009
...
0
နှောက်ချီးပုံထဲပို့ရက်တယ်...
အဟင့်
:'(
ကိုလေး , July 31, 2009 | url
...
0
ကျွနုပ်အခန်း အနည်းငယ်ပဲပါ၍ မကျေနပ်ပါ၊ သို့ပေသိ ထဲ့ရေးပေးသည့်အတွက် ကျေးဇူးတင်မိသည်။ ဒါပေသိ ကျွနုပ် အိ ကျင်ရာတော် ကိုထဲ့မရေးသောကြောင့် အတန်ငယ်
စိတ်ခုချေသည်။ နောက်အခါရေးပါက ကျွနုပ် နဲ့ ကျင်ရာတော် ပါဝင်မှုများများရမှာသာ ပါချင်ပေသည် :P

မှတ်ချက်
အရေးအသား အလွန်ကောင်းပါသည်။
နောင်တွင် ကျော်ကြားသော စာရေးဆရာတစ်ယောက်ဖြစ်နိုင်သည်ဟု
ကျွနုပ်ယုံကြည်သည်။ ကြိုးစားပါလေ :)

phoechan , July 31, 2009 | url
...
0
ဖားကန်. ဖက်စီက နောက်ခံလူနှစ်ယောက်ကြောင့် ရှုံးသွားတာကိုး တော်သေးတယ် ရော်ဘီလင်းဆိုတာ တားမှန်း ဘယ်သူမှ မသိလို.။
ရော်ဘီလင်း , July 31, 2009

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday22
mod_vvisit_counterYesterday34
mod_vvisit_counterThis week162
mod_vvisit_counterThis month382
mod_vvisit_counterAll19795

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...