Latest Comments

တဒင်္ဂ

တစ်နေ့တာ အလုပ်ချိန် ကုန်ဆုံးခဲ့ပြီမို့ ရေးမိုးချိုး၊ အ၀တ်အစားလဲ၊ ထမင်းစားပြီးတော့ ထုံးစံအတိုင်းပင် ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့မိသည်။ အလုပ်ချိန် ပြီးမြောက်ခဲ့ပြီမို့ သူ့လိုပင် လက်ဖက်ရည်ဆိုင်သို့ လာရောက် အနားယူနေကြ၊ စကားပြောနေကြ၊ ဗီဒီယို ဇာတ်လမ်း ကြည့်နေကြသည့် သူများဖြင့် ဆိုင်ကလေးမှာ စည်ကားလျှက် ရှိနေသည်။ သူသည်လည်း ယခုကဲ့သို့ လက်ဖက်ရည် သောက်ရင်း ဗီဒီယို ဇာတ်လမ်းကြည့်ရှု အနားယူရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။ ဤသည်ပင် သူ နေ့တိုင်း ပြုလုပ်တတ်သည့် အကျင့်တစ်ခုပင် မဟုတ်ပါလား။

x x x

မှတ်စုရေးလေ့ ရှိသည့် သူ့အကျင့်က တော်တော်လေးပင် အရိုးစွဲနေသည့် အရာတစ်ခုပါ။ ထို့ကြောင့်လည်း လက်ဖက်ရည်ဆိုင်က ပြန်လာပြီးချိန်တွင် ထုံးစံအတိုင်းပင် မှတ်စုစာအုပ်ကလေးကို ထုတ်ကာ ရေးမှတ်လေတော့သည်။ ယနေ့ မနက်ကစ တစ်နေကုန် အလုပ်တွင် ကြုံတွေ့ ခဲ့ရသည်များကို မှတ်တမ်းတင်သည်။ မှတ်တမ်းတင်သည် ဆိုရာ၌ သူ့အကျင့်က စေ့စေ့စပ်စပ် မှတ်တမ်းတင်ခြင်းမျိုး ဖြစ်သည်။ နောက်ဆုံး သူ ယနေ့ည မည်သည့် ဗီဒီယို ဇာတ်လမ်း၊ မည်သည့် သရုပ်ဆောင်တွေ ပါဝင်ပြီး မည်ကဲ့သို့ ဇာတ်လမ်း ကြည့်ဖြစ်ခဲ့သည် ဆိုသည်က အစ သူ့ မှတ်တမ်း စာအုပ်ထဲ ရေးမှတ်လေ့ ရှိသည်။ ယနေ့အတွက်တော့ သူ့မှာ ဗီဒီယို ဇာတ်ကား အကြောင်း မရေးမှတ်မီမှာပင် အကြောင်းအရာ တစ်ခုကို ရေးမှတ်နေရသည်။ ယနေ့ သူပြုမူခဲ့သည့် အလုပ်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်လေး တစ်ခု အကြောင်း...

x x x

သူသည် အောက်မြန်မာပြည်မှာမွေး၊ အောက်မြန်မာပြည်တွင်သာ ကြီးပြင်းလာခဲ့သည့် အောက်မြန်မာပြည်သား စစ်စစ်တစ်ဦး။ ငယ်စဉ်က ဘုန်းကြီးကျောင်းတွင်နေ ဘုန်းကြီးကျောင်းတွင် ကြီးပြင်းခဲ့ပြီး ဘုန်းကြီးပင် ၀တ်၍ နေခဲ့ဖူးသူ တစ်ယောက်။ သို့သော် သူ့ကို ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သည့် ကျေးဇူးရှင် ဆရာတော်ကြီး ကွယ်လွန်ပြီးခဲ့ချိန် နောက်တွင် ဘုရားသားတော် ဘ၀မှ လူ့ဘောင် လောကထဲ ပြန်ပြီး ကူးပြောင်း ဖြစ်ခဲ့သည်။ အဲ့ဒီနောက် မယ်မယ်ရရ လုပ်ရ ကိုင်ရမည့် အလုပ်အကိုင် တစ်ခု ရှာဖွေရင်းက နောက်ဆုံး ဖားကန့်ဆိုသည့် ကျောက်စိမ်း မြို့ကလေးသို့ ရောက်လာခဲ့သည်။ သူသည် ရိုးသားသည်။ ကြိုးစားသည်။ ဇွဲရှိသည်။ ထို့ကြောင့် အလုပ်တစ်ခု ရရန် မခက်ခဲခဲ့ပေ။ အခြားသူများကဲ့သို့ အပျော်အပါး၊ လောင်းကစား များအားလည်း စိတ်မ၀င်စား၊ မပတ်သက်။ သူသည် ဘုန်းကြီးလူထွက် တစ်ယောက်ဟုပင် ပြောစရာ မလို။ အနေအထိုင် တစ်သီးတစ်ခြား ရှိသည်။ အရိပ်အကဲ နားလည်တတ်သူ ဖြစ်သည်။ နံနက် မိုးလင်း လာချိန်ကစ အလုပ်ခွင်သို့ တန်းဝင်သည်။ သူလုပ်ရသည့် အလုပ်က ကျောက် အရောင်တင်ရသည့် အလုပ်။

သူသည် ဖားကန့်ဒေသမှ ကျောက်စိန်းတူးဖော်သည့် ကုမ္ပဏီကြီး တစ်ခုတွင် အလုပ်ရရှိခဲ့ခြင်း ဖြစ်သည်။ တူးဖော်ခဲ့ခြင်း မပြုရသေးသည့် တောင်ကြီးများအား ကုမ္ပဏီက စက်ယန္တရားများ၊ မိုင်းများ၊ လူအင်အား အမြောက်အမြား အသုံးပြု၍ တူးသည်၊ ဖြိုချသည်။ ထို့နောက်တွင် ကြီးကြပ်များ ဦးစီးသည့် မြေသယ်ကားများ၊ ဆယ်ဘီးကားများဖြင့် အရည်အသွေး ရှိနိုင်သည့် ကျောက်များအား ရွေးချယ်ကာ ကျောက်ခြံထဲသို့ တင်ဆောင် လာကြသည်။ ထို့နောက်တွင် ကျောက်ခြံထဲမှ လုပ်သားများက ကျောက်များကို ရေးဆေး၊ အကဲဖြတ်၊ ထိုသို့ တစ်ဆင့်ပြီး တစ်ဆင့် ပြုလုပ်ခဲ့ပြီး နောက်ဆုံး အဖိုးတန်ဆုံးဟု သတ်မှတ်သည့် ကျောက်များအား ဂိုထောင်ကြီး ထဲတွင် သိမ်းဆည်းကြသည်။ ထို့ထက် ပို၍ အဖိုးထိုက်တန်သည် ဆိုသည့် ကျောက်များကိုမူ ထိုဂိုထောင်ကြီးထဲရှိ သော့များဖြင့် အဆင့်ဆင့် ခတ်ထားသည့် ဗီရိုကြီးများထဲတွင် တဆင့် သေချာသိမ်းဆည်းပြန်သည်။ ထိုသော့များအား တစ်ဦးတစ်ယောက်တည်းက ဖွင့်ခွင့်မရှိ။ သုံးယောက်ဆိုလျှင် သုံးယောက်စလုံး စုံလင်မှသာ ဖွင့်ခွင့်ရသည်။ ထိုကဲ့သို့ လုံခြုံအောင် လုပ်ထား သကဲ့သို့ပင် ကျောက်ခြံကြီး တစ်ခုလုံးတွင်လည်း နေရာလွတ်ဆို၍ မရှိရအောင် စီစီတီဗီ ကင်မရာများ တပ်ဆင် မှတ်တမ်းတင်သည့် စနစ်ကို အသုံးပြုထားသည်။ အချိန်ပြည့် စောင့်ကြည့် မှတ်တမ်းတင်ထားပြီး လိုအပ်လျှင် လိုအပ်သလို ပြန်လည် ကြည့်ရှု စစ်ဆေးကြသည်။ ထိုသည်က သူတို့အလုပ်၏ စည်းစနစ် ကျနစွာ ပြုလုပ်ထားသည့် စည်းကမ်းပိုင်း ထိန်းသိမ်းရေးနှင့် အကျင့်စာရိတ္တ မကောင်းသည့် သူများအား ဖော်ထုတ် အရေးယူသည့် နည်းပင်။

သူသည် အရောင်တင်ရန် လိုအပ်သည့် ကျောက်များအား အရောင်တင်ပေးရသည့် သူဖြစ်သည့် အလျှောက် ယနေ့လည်း ကျောက်များ အရောင်တင်သည့် အလုပ်ကိုပင် လုပ်ကိုင်နေခဲ့သည်။ သို့သော် ထူးခြားသည့် ဖြစ်စဉ်တစ်ခုက သူ၏ မှတ်တမ်းစာအုပ်ထဲတွင် ရေးမှတ်ရန် အကြောင်း ဖန်လာခဲ့ရသည်။ ထို့ကြောင့်လည်း သူယခု မှတ်တမ်းစာအုပ်ထဲသို့ ထိုအကြောင်းအရာအား ပြန်လည်၍ ရှေးမှတ်နေခြင်းပင် ဖြစ်ပေသည်။ နေ့လည်ခင်းပိုင်းက အရောင်တင်ရန် လာသည့် တာဝန်ရှိသူများ အပြန်တွင် ကျောက်များ သိမ်းဆည်းရင်း ကျောက်တစ်လုံး ကျကျန်ရစ်ခဲ့သည်။ ပထမ သူသည်လည်း သတိမပြုမိခဲ့။ နောက်တွင်မှ ကျန်ခဲ့သည်ကို တွေ့၍ လိုက်လံပေးအပ်ခဲ့ပြီး "ခင်ဗျားတို့တွေဗျာ၊ သေချာလုပ်ကြပါဗျ။ အဲ့ဒီကျောက် ဘယ်လောက်တန်ဖိုးရှိလဲ ကျွန်တော်တော့ မသိပါဘူး။ ဒါပေမယ့် အကုန် ဒုက္ခ ရောက်ကုန်လိမ့်မယ်" ဟု ပေါ့လျှော့ခဲ့သည့် သူများအား ပြောခဲ့သည်။ သူ ထိုကျောက်အား ပြန်ပေးချိန်တွင် ထိုတာဝန်ရှိသူများမှာ ဂိုထောင်ထဲတွင် ကျောက်များ သိမ်းဆည်းပြီး၍ သော့များပင် အားလုံး အသေအချာ ခတ်ပြီးချိန် ဖြစ်သည်။ မည်သူမျှ ကျကျန်ခဲ့သည်၊ ပျောက်ရှိနေသည်ကို မသိခဲ့ကြ...

x x x

သူသည် ရိုးသားသည်၊ ဖြောင့်မတ်သည် ဆိုသည့် သတင်းများမှာ ပို၍ လူပြောစရာ ဖြစ်လာခဲ့သည်။ ထို့ကြောင့်လည်း ဘုန်းကြီးလူထွက် သူ့အတွက်တော့ ယုံကြည်ရမည့် လူတစ်ယောက် အဖြစ် အထက် အရာရှိများက သတ်မှတ် ထားခဲ့ကြသည်။ လုပ်ဖော် ကိုင်ဖက်များက လေးစားကြသည်။ သူသည် မနက် အိပ်ယာက ထသည်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ဆောင်ပြီးသည်နှင့် နံနက်စာ တစ်ခုခု စားကာ အလုပ်ခွင့်သို့ဝင်သည်။ ကျရောက်လာသည့် တာဝန်များကို ဂရုတစိုက် လုပ်ဆောင်ပေးသည်။ အလုပ်ချိန်ပြီးလျှင် အဆောင်သို့ ပြန်သည်။ ရေမိုးချိုးကာ ညစားစားပြီး လက်ဖက်ရည်ဆိုင်သို့ သွားသည်။ လက်ဖက်ရည် သောက်ရင်း ဇာတ်လမ်းတွေ ကြသည်။ ထိုကဲ့သို့ နေ့တွေ၊ ရက်တွေ၊ လတွေ ကျော်လွန် လာခဲ့ပြီးနောက် တစ်နေ့...

x x x

"ကဲပြော... မင်းတို့ ၆ယောက်ထဲက ဘယ်သူက အခုလို လုပ်ထားတာလဲ။ တစ်ယောက်မှ မပြောရင် ၆ယောက်လုံး ဒုက္ခရောက်ပြီသာမှတ်။ ပျောက်တာကလည်း သေချာနေပြီ။ ဂိုထောင်ထဲ ၀င်တာကလည်း စီစီတီဗီအရ မင်းတို့ ၆ယောက်ပဲ ရှိတယ်။ တစ်ယောက်ကမှ မယူဘူး ဆိုရင်တော့ ၆ယောက်စလုံး ယူတယ်လို့ သတ်မှတ် ရတော့မှာပဲ" ဟု တာဝန်ရှိသူ တစ်ဦးက ကျောက်တစ်လုံး ပျောက်ရှခဲ့မှု အတွက် မသင်္ကာသူ ၆ဦးအား စစ်မေးနေခြင်း ဖြစ်သည်။ သူတို့သည် ကျောက်တစ်လုံး ပျောက်ရှ သွားသည်ကို သိလိုက်သည်နှင့် ချက်ချင်းပင် စီစီတီဗီ မှတ်တမ်းများဖြင့် ပြန်လည် ကြည့်ရှု စစ်ဆေးကြသည်။ ကျောက်ခြံထဲမှ ထွက်ပေါက်များမှ ပိတ်ဆို့ ရှာဖွေကြသည်။ မည်သူ့ထံတွင်မှ မတွေ့ရ။ အတွေ့အကြုံများ အရ ကျောက်သည် ခြံထဲတွင်သာ ယာယီဝှက်ထားခြင်း ဖြစ်မည်ဟု သိသည်။ သို့သော် တရားခံက မည်သူမှန်း မသိရသေး။ သံသယ ရှိသူ တစ်ဦးတော့ ရှိသည်။ သူသည် စီစီတီဗီအရ ဂိုထောင်ထဲတွင် တစ်ယောက်တည်း ကျန်နေချိန် ရခဲ့သည်။ ထိုအချိန်တွင် ၀ှက်ထားလိုက်ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ထိုသူက ၀န်ခံထွက်ဆိုခြင်း အလျင်းမရှိ။ ကျောက်ခြံ တစ်ခြံလုံး အနှံ့ရှာကြသည်။ မြောင်းတွေပင် မကျန်၊ ချောင်ကြိုချောင်ကြား အကုန်ရှာကြသည်၊ မတွေ့...။

တာဝန်ရှိ ကြီးကြပ် တစ်ဦး၏ အဆိုအရ သူသည် ထိုကျောက်အား အရေးကြီး ကိစ္စတစ်ခုကြောင့် ဗီရိုထဲတွင် သေချာ သိမ်းဆည်းရန် အချိန်မရသဖြင့် ဗီရိုပေါ်တွင် ဤအတိုင်း တင်ခဲ့ရကြောင်း၊ သိမ်းဆည်းမည်ဟု အသွား ပျောက်ရှနေသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။ ခြံထဲမှ ကျောက်များအား ဂိုထောင်ထဲ သယ်ပို့ကြချိန်တွင် ထိုကျောက်မှာ ပျောက်ရှခဲ့ရခြင်း ဖြစ်သည်။ လုပ်ငန်း၏ အဓိက တာဝန်ရှိသူ လူကြီးမှာလည်း ခရီးလွန်နေ၍ လတ်တလော တာဝန် ယူထားရသည့် တာဝန်ခံများမှာ ခေါင်းချင်းရိုက်နေရသည်။ မဖြစ်ဖြစ်သည့် နည်းဖြင့် ဖြေရှင်းရမည်ကို သူတို့အားလုံး သဘောပေါက် နားလည်ကြသည်။ သံသယ ရှိသူအား တိုက်ရိုက် ခြိမ်းခြောက်ခြင်း မပြု။ အခြားတစ်ယောက်ကို ခြိမ်းခြောက်သည့် ဟန်ဖြင့် ခြောက်သည်၊ လန့်အောင် လှန့်သည်။ ချော့သည်။ နည်းအမျိုးမျိုးဖြင့် စစ်မေးကြသည်။ မှန်ပေသည်။ ထိုကဲ့သို့ တန်ဖိုးကြီး ပစ္စည်းများနှင့် နေ့တဒူဝ လုပ်ကိုင်နေရသည့် လုပ်ငန်ကြီး အနေဖြင့် ရိုးသားမှုသည် အလွန်တရာပင် အရေးပါလှသည်။ သူတို့အနေဖြင့် ထိုတရားခံ လက်သည်အား မဖြစ်ဖြစ်သည့် နည်းဖြင့် ဖော်ထုတ် အရေးယူ ရပေလိမ့်မည်။ သို့မှလည်း အခြားသူများ နောက်ထပ် ထိုကဲ့သို့ မပြုလုပ်ရဲမည် ဖြစ်သည်။

နောက်ဆုံး ခြိမ်းလိုက် ခြောက်လိုက် ချော့လိုက် နည်းမျိုးစုံဖြင့် စစ်မေးရင်း အဓိက သံသယရှိခြင်း ခံရသည့် တစ်ယောက်က စကားတစ်ခွန်း စပြောလာသည်။ အဓိက တာဝန်ခံနဲ့ စကားပြောချင်ပါသည်တဲ့။ ဟုတ်ပြီ။ လမ်းစတွေ့ပြီ။ သူဝန်ခံပေတော့မည်။ သို့သော် သူစကား ပြောချင်သူက ခရီးလွန်နေသည်။ နောက်ဆုံး လက်ရှိ တာဝန်ယူထားရသည့် အကြီးအကဲနှင့် စကားပြောကြသည်။ ဆွေးနွေးကြသည်။ ၀န်ခံသည်။ ဖြောင့်ချက်ပေးသည်။ ၀ှက်ထားသည့် နေရာအား လိုက်လံပြသည်။ နောက်ဆုံးတွင် ထိုသူအား ရဲလက် အပ်လိုက်ကြရသည်။

x x x

"ကျွန်တော်ဗျာ အဲ့ဒီကျောက်ကို တွေ့လိုက်ရတော့ ဘာမှန်းမသိလိုက်ဘူး။ အရမ်းကို လှတယ်ထင်ပြီး ကောက်ကိုင် ကြည့်လိုက်မိတယ်။ ဒါပေမယ့် အပြင်က တစ်ယောက် ပြန်ဝင်လာတာ သိလိုက်တော့ ပြန်ပြီး တင်ရမယ့်အစား ပုဆိုးထဲ ထည့်လိပ်လိုက်မိတယ်။ ကျွန်တော် ယူမိပြီးပြီလေ။ ဘာမှ လုပ်မရတော့ဘူး။ ဒီလိုနဲ့ ခုံတွေ သယ်ပို့ယင်း ကျွန်တော် အဲ့ဒီနေရာမှာ သွားဝှက်ထားခဲ့တာပါ။ တဒင်္ဂလေးပါပဲ။ အဲ့ဒီကျောက် ဘယ်လောက်တန်လဲ ဆိုတာတောင် ကျွန်တော် မသိပါဘူးဗျာ" ဟု  ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် မသွားခင်လေးတွင် တရားခံ တဖြစ်လည်း ဘုန်းကြီးလူထွက်က တာဝန်ရှိ ကြီးကြပ် တစ်ဦးအား ရင်ဖွင့်စကား ပြောကြား သွားခဲ့လေသည်။

မိုးဝေ
၈း၄၅ စက်တင်ဘာ ၅ရက်နေ့ ၂၀၀၉

Comments (4)

Subscribe to this comment's feed
...
0
တဒင်္ဂ .. it's a good one.
Zin Mon , January 22, 2010
...
0
အဓိကပြောချင်တာက စိတ်ဆိုတာ အစိုးမရဘူးလို့ ဆိုလိုတာလား
ရိုသားဖြောင့်မတ် ပါတယ်ဆိုတာ ပြောင်းလဲတတ်တယ်ပေါ့။
nikar , September 09, 2009
...
0
Good Story.
KyawBZ , September 07, 2009
...
0
ဒီတခါတော့ တင်တင်ချင်းဖတ်လိုက
မတာ , September 05, 2009

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday20
mod_vvisit_counterYesterday34
mod_vvisit_counterThis week160
mod_vvisit_counterThis month380
mod_vvisit_counterAll19793

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...