လွဲလွဲလေးပဲ ကောင်းပါတယ် ~ အပိုင်း(၂)
တလောက နောက်ဆုံး ရေးခဲ့တဲ့ ဆောင်းပါးလေး ခေါင်းစဉ်မှာ အပိုင်း - ၁လို့ မရေးမိလိုက်ပေမယ့် တိုက်ဆိုင်မှုပေါင်း များစွာကနေပဲ အပိုင်း - ၂ လို့ ရေးဖို့ အကြောင်းက ဖန်လာပြန်ပါတယ်။ ဒါကြောင့် ကျန်နေသေးတဲ့ အမှားလေးတွေ အလွဲလေးတွေကို ဖော်ပြပေးဖို့ ဆုံးဖြတ်ပြီး အခုလို ရေးဖြစ်ခဲ့တာပါ။ မှားတာတွေကတော့ ပြောကုန်မှာ မဟုတ်ပေမယ့် ဒီအောက်က အမှားတွေကရော ဘယ်လို တွေလဲဆိုတာ...
x x x
ကျွန်တော် ငယ်ငယ်ကပေါ့။ ကော့သောင်းမှာ နေတုန်းက အိမ်နောက်ဖေးမှာ ရှိတဲ့ မြေညီ ကွက်လပ် ကျဉ်းကျဉ်းလေးမှာ နေ့တိုင်းလိုလို ဘောလုံးကန်ကြ ကစားကြ ရှိခဲ့ပါတယ်။ ဘောလုံး ကန်တယ်ဆိုတာက သတ်သတ်မှတ်မှတ်နဲ့ တိတိကျကျ ပြောရရင် ပင်တိုင် ကန်တာက ၃ယောက်တည်းပါ။ ကျွန်တော်ရယ်၊ ကျွန်တော့် ညီရယ်၊ ဝေဇင် ဆိုတဲ့ ညီငယ် တစ်ယောက်ရယ်ပေါ့။ တစ်ခါတစ်ခါ လူများများနဲ့ ကစားခွင့် ရတယ်။ တစ်ခါ တစ်လေတော့လည်း ၃ယောက်တည်း လှည့်ပတ်ပြီး ကန်ကြတယ်။ တစ်ခါတစ်လေများ ၂ယောက်တည်း၊ တစ်ယောက်တည်းလည်း ကစားတာပါပဲ။
ကျွန်တော်တို့ ဘောလုံးကွင်းလေးက သေချာ ပြောရရင် ကျွန်တော်တို့ အိမ်နောက်ဖေး၊ ဝေဇင်တို့အိမ်ရဲ့ အရှေ့ မူကြိုကျောင်း တစ်ခုရဲ့ ဘေးမှာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ အိမ်တွေက နည်းနည်းလေး လှမ်းတယ် ဆိုနိုင်ပေမယ့် မူကြိုကျောင်း နံရံကတော့ ကျွန်တော်တို့ ဂိုးပေါက်နဲ့ ကပ်ရက်မှာ ရှိပါတယ်။ ကျွန်တော်တို့ တတွေရဲ့ ဂိုးသွင်းချက်တွေက အမြဲလိုလို မူကြိုကျောင်းထဲ ရောက်သွားတတ်ပြီး ခြံကိုကျော်လွှားပြီး ဘောလုံးကို ပြန်ကောက် ရပါတယ်။ အမြဲတမ်း ဘောလုံးက အထဲကို ရောက်တော့ မူကြိုကျောင်းမှာ နေတဲ့ သူတွေက သိပ်အမြင် မကြည်ကြပါဘူး။ ကျွန်တော်တို့ ကန်ချက်ကလည်း သူတို့ ဟင်းချက်တဲ့ ဒယ်အိုးတောင် မရှောင်ခဲ့ဘူးလေ။ ဘောလုံးကြော် မဖြစ်ခဲ့ရုံ တမယ်ပေါ့။ အပြောအဆို ခံရပေမယ့် မပျက်မကွက်ဘဲ ဆက်ကစား ခဲ့တာပါပဲ။
တစ်ခါကလည်း ကျွန်တော် ဘောလုံး ကန်ရင်း အရှိန်နဲ့ ပြေးအလာ သူငယ်ချင်း တစ်ယောက်ရဲ့ ခြေထောက်နဲ့ တိုက်မိပြီး လဲကျတာ ခေါင်းက မူကြိုကျောင်း အုတ်တံတိုင်းနဲ့ ခပ်ပြင်းပြင်းလေး ဆောင့်မိ ခဲ့ဖူးပါတယ်။ ဒိုက်ဗင်ဟက်ဒါပေါ့။ ခေါင်းပဲ မာတာလား? ချက်ကောင်းပဲ မထိလို့လားတော့ မသိပါဘူး။ သွေးမထွက် ခေါင်းမကွဲ ခဲ့ပါဘူး။ ဒါပေမယ့်လို့ အဲ့ဒီတုန်းက ဖူးယောင်ခဲ့တဲ့ အာလူးဘူးသီးကတော့ အခုထက်ထိ နာဖူးထိပ်မှာ ဖောင်းလို့ နေသေးပါတယ်။
တစ်နေ့ ကျွန်တော့် လည်ပင်းက ပုံမှန်မဟုတ်ဘဲ လှည့်မရ ဖြစ်လို့ ဆရာဝန်တွေ ဖြစ်တဲ့ အဖေနဲ့ အမေတို့က သေချာ စစ်ဆေးခဲ့ပါတယ်။ အဲ့ဒီတုန်းက ကော့သောင်းကို ရောက်နေတဲ့ အရိုးအထူးကု ဆရာဝန်ကြီး ရှိနေတာကြောင့် ပြကြည့်တဲ့ အခါမှာတော့ ဓာတ်မှန် ရလဒ်က လည်ပင်း အဆစ် လွဲသွားပါတယ်တဲ့။ အိမ်မှာက ညီအစ်ကို လေးယောက်မို့ ဒဏ်ရာ ရတတ်ကြတာ မဆန်းပါဘူး။ တော်ကြာ ဟိုတစ်ယောက် ကျိုးပြန်ပြီ၊ တော်ကြာ ကွဲပြဲလာပြန်ပြီ။ အမျိုးမျိုး မရိုး ရအောင်ပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ သူများတွေနဲ့ မတူဘဲ လည်ပင်း အဆစ် လွဲခဲ့ပါတယ်။
အကြောင်းရင်းကတော့ အဲ့ဒီ မတိုင်ခင်မှာ ဘောလုံးကန်ရင်း ကျွန်တော် ချော်လဲခဲ့လို့ပါ။ ဇောက်ထိုး လဲတာ မဟုတ်ပါဘူး။ ဘာမှလည်း မဖြစ်ခဲ့ပါဘူး။ လက်နဲ့ မြေကြီးကို ထောင့်မိရုံပဲ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီ ထောက်မိလိုက်တဲ့ အရှိန်ကြောင့်ပဲ ကျွန်တော် တစ်လလောက် ကုတင်ပေါ် ပက်လက်လေး၊ မေးမှာ အ၀တ်နဲ့ သိုင်းပြီး ၂ပေါင် အလေးရှိတဲ့ ခဲနဲ့ ဆွဲထားခြင်း ခံရ ပါတော့တယ်။ တစ်လဆိုတဲ့ ကာလ နည်းသလားလို့။ အဲ့ဒီ အချိန်တုန်းက တီဗီ ကြည့်ချင်လွန်းတဲ့ ကျွန်တော် မှန်လေး ကိုင်ပြီး ပြောင်းပြန် ကြည့်ခဲ့ရသလို၊ အစ်ကို လုပ်သူက ရိုက်ထားတဲ့ ခဲဆွဲ ခံနေရတဲ့ ဓာတ်ပုံကိုတောင် နောက်ပိုင်း မကြည့်ချင်တော့လို့ ဖျက်ဆီး ပစ်ခဲ့မိပါတယ်။ တစ်လ ပြည့်ပြန်တော့လည်း လည်ပင်းမှာ လှည့်မရအောင် ထိန်းတဲ့ လည်ပတ်ကြီးနဲ့ နောက်တစ်လ ဆက်နေရပြန်တယ်။ ကျောင်းက ဆက်တိုက် ပျက်လို့ မရတော့ အဲ့ဒါကြီးနဲ့ ကျောင်းတက် ရတာ အတော်လေး အနေခက်စေ ပြန်တယ်။ ဒါပေမယ့် အဲ့ဒါကြီး မဖြုတ်ခင်မှာပဲ အိမ်နောက်ဖေးမှာ ဘောလုံး ခိုးကန် ခဲ့ဖူးတာလည်း ကျွန်တော် မှတ်မိလို့ နေပါသေးတယ်။
x x x
တစ်နှစ်၊ ကျွန်တော်တို့ ယောက်ျားလေး သူငယ်ချင်းတွေပဲ စုပြီး ကျိုက်ထီးရိုး ဘုရားဖူး သွားခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ တောင်တက်ရတာ ၀ါသနာပါတဲ့ ကျွန်တော်တို့ အဖွဲ့ တောင်ခြေကနေ ခြေကျင်ပဲ တက်ခဲ့ပါတယ်။ လမ်းခရီး တစ်လျှောက် ဖြောင့်ဖြောင့်တန်းတန်းပဲ တောင်ပေါ် ရောက်ခဲ့ပါတယ်။ ပထမ နေ့မှာ ဘာတစ်ခုမှ မလွဲခဲ့ပါဘူး။ ဒုတိယနေ့ မွန်းလွဲပိုင်းမှာ ရေတံခွန် သွားဖို့ ကျွန်တော်တို့ တောင်အောက် ဆင်းခဲ့ကြပါတယ်။ ဒါပေမယ့် လမ်းသေချာ မသိတဲ့ ကျွန်တော်တို့ အဖွဲ့ လမ်းမှားပါလေရော။
လမ်းခွဲ တစ်ခုမှာ ညာချိုးရမှာကို ရှေ့တည့်တည့် ဆက်ဆင်းဖို့ ဆုံးဖြတ်ခဲ့မိတဲ့ ကျွန်တော်တို့ အမှားပေါ့။ လမ်းက ပထမတော့ ကျယ်သလိုလို ရှိနေသေး။ နောက်တော့ လူတစ်ယောက်စာပဲ ရှိတော့တယ်။ ချုံတွေ မြက်ပင်ရှည်တွေ ကြားမှာ ကျွန်တော်တို့ကလည်း ဇွဲမလျှော့ခဲ့ပါဘူး။ ရေပိုက်တစ်လျှောက် ဆက်တိုက် အဆင်းခရီးကိုပဲ ဆက်ခဲ့ကြပါတယ်။ နောက်ဆုံး ကျွန်တော်တို့ ဆင်းတာ လမ်းဆုံးတော့ တောင်ပေါ်ကို ရေတင်ပို့တဲ့ အောက်ဆုံး အဆင့် ရေပို့စက် နေရာကို ရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ဘာလုပ်ရမှန်း သေချာ မသိပါဘူး။ ကံကောင်းတယ်ပဲ ဆိုမလား လူတစ်ယောက် ရှိနေတာ တွေ့လိုက်ရတော့ တော်တော်လေး အားတက် သွားပါတယ်။ ဒါနဲ့ မေးမြန်းစုံစမ်း ကြည့်တော့ ကျွန်တော်တို့ ဆင်းလာတာ ရေတံခွန် သွားတဲ့ လမ်းမဟုတ်ဘူး ဆိုတာ သိလိုက် ရပါတယ်။ သူက ပြောတယ်။ ကျွန်တော်တို့ အပေါ်ကို ပြန်တက်ပြီး မူလ လမ်းလွဲခဲ့တဲ့ နေရာကနေ ပြန်သွားရင်သွား၊ မဟုတ်ရင်တော့ ကျောက်ဆောင် ကျောက်တုံးတွေ ရေစီးနေတဲ့ အခု ရောက်နေတဲ့ ချောင်းလမ်း အတိုင်း ဆင်းသွားရင် ရေတံခွန်ကို ရောက်ပါမယ်တဲ့။
နောက်ဆုံး ကျွန်တော်တို့ ချောင်းအတိုင်း ခရီးဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တကယ့်ကို စွန့်စားခန်းပါပဲ။ ခရီးက ဘယ်လောက် ရှည်မလဲ ဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး။ သွားလို့တော့ ရတယ် ဆိုတာလေး တစ်ခုတည်းနဲ့ အခုလို ရောက်လာ ခဲ့တာပါ။ သိပ်မကြာပါဘူး။ ၅ယောက် လာခဲ့တဲ့ ကျွန်တော်တို့ အဖွဲ့ထဲမှာ ဆန္ဒ ပြသူတွေ ရှိလာပါတယ်။ ညည်းလာကြတယ်။ ပြန်လှည့်ဖို့ ပြောလာတယ်။ ကျွန်တော်တို့ကလည်း ပြန်မလှည့်ဘဲ ဆက်လျှောက်ဖို့ပဲ စိတ်ကူး ခဲ့ပါတယ်။ ရေတွေကြားမှာ ကျောက်တုံးတွေ ဖက်တွယ် ဆင်းရတာ ရှိသလို ရုပ်ရှင် ဇာတ်လမ်းတွေ အထဲမှာလို ကန့်လန့်ဖြတ် လဲနေတဲ့ သစ်ပင်ကြီးတွေ အပေါ်ကလည်း တက်လျှောက် ခဲ့ရပါတယ်။ နောက်ဆုံး လူသံကြားရပြီး ရေတံခွန်ကို ရောက်ပြီ ဆိုမှပဲ အသက်၀၀ ရှူနိုင်ခဲ့ပြီး တော်ပါသေးရဲ့လို့ တွေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့ လွဲခဲ့ပါတယ်။ ဒါပေမယ့် အခု ပြန်တွေးကြည့်ရင် အဲ့ဒီလို အတွေ့အကြုံ ရခဲ့တာကို ကျေနပ်မိပါတယ်။ တကယ့်ကို လွဲလွဲလေးလည်း ကောင်းပါတယ် ဆိုတာမျိုးပေါ့။
x x x
ကျွန်တော်တို့ ရင်ဆိုင် ခဲ့ရဖူးတဲ့ နာဂစ် မုန်တိုင်းကြီး မတိုင်ခင် ညနေခင်းက ရုံးက စောပြန်လာတဲ့ ကျွန်တော်နဲ့ သူငယ်ချင်း လုပ်သူတို့ အိမ်ရှေ့ရောက်တော့ ကျွန်တော်က ကားကို သစ်ပင်ဘေးမှာ မရပ်သင့်ကြောင်း၊ လေတိုက်ပြီး အပင်လဲပါက ကားကို ထိနိုင်ကြောင်းပေါ့။ ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ အကျိုးသင့် အကြောင်းသင့် တွေးတောမှုကို သူက လက်ခံခဲ့ပါတယ်။ ကားကို လှေကားပေါက် အလယ်တည့်တည့်မှာ ရပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဥာဏ်ကြီးရှင်ရဲ့ အတွေးက တက်တက်စင်အောင်ကို လွဲခဲ့ပါတယ်။ တကယ် မုန်တိုင်းလည်း ဖြစ်ရော ရပ်ထားတဲ့ ကားဆီကို အပင်က လာပိတာ မရှိခဲ့ပေမယ့် တိုက် ခေါင်မိုးပေါ်မှာ တတ်ဆင်ထားတဲ့ သစ်သားခုံ အထိုင်နဲ့ စလောင်းကတော့ ကားရဲ့ ရှေ့မှန်ပေါ် တည့်တည့်ကြီး ကျခဲ့ပါတယ်။ ဒီလို အလွဲမျိုးကျတော့ ကောင်းတယ်လို့ ဆိုနိုင်မယ် မထင်ပါဘူး။
x x x
ဆယ်တန်း အောင်စာရင်း ထွက်တဲ့ညက အတန်းတူ အစ်မ၂ယောက်နဲ့ အတူ ရင်ခုန်စွာ ဖြတ်သန်း ခဲ့ရဖူးပါတယ်။ အမျိုးတွေ အိမ်မှာ သွားအိပ်ခဲ့တဲ့ အဲ့ဒီနေ့ ညက မအိပ်ဘဲ စောင့်မယ် ဆိုပြီး ရင်ခုန်ခဲ့ကြပါတယ်။ ဒိုက်ဦးမှာ ဖြေခဲ့တဲ့ ကျွန်တော့် အတွက်က အဲ့ဒီနေ့က သူငယ်ချင်းတွေနဲ့ အတူ ရင်ခုန်နိုင်ဖို့ လိုလားခဲ့သေး ပေမယ့် အဖွား လုပ်သူက ခွင့်မပြုလို့ မသွားခဲ့ရပါဘူး။ ဒီလိုနဲ့ ည သန်းခေါင်းကျော်လာတော့ အတူ အောင်စာရင်း စောင့်နေကြတဲ့ အထဲက အစ်မက တစ်ယောက်က အရင်ဆုံး အဖြေ သိလိုက်ရပါတယ်။ အောဒီတဲ့။ နောက်တစ်ယောက် လည်း သိလိုက်ပါတယ်။ ဒီမပါပေမယ့် အောင်ပါတယ်တဲ့။ ကျွန်တော့် အလှည့်ကျမှ တစ်နေပါတော့တယ်။ တစ်နေတယ် ဆိုတာကလည်း ကျွန်တော့်ကို ကြည့်ပေးမယ့်သူက တစ်နိုင်ငံလုံး အောင်စာရင်းကပ်တဲ့ ကျောင်းမှာ သွားရှာတာ ကျွန်တော့်ရဲ့ ခုံနံပတ်ကို မတွေ့လို့ပါတဲ့။
ရင်ခုန်ခဲ့ရပါတယ်။ ဖုန်းဆက်ပြီး ဒိုက်ဦးကျောင်းကို လှမ်းမေးတော့ အောင်စာရင်း မကပ်သေးပါဘူးတဲ့။ နေမထိုင် ထိုင်မသာနဲ့ စိတ်တွေက ယောက်ယက်ခတ် နေခဲ့ပါတယ်။မကြာပါဘူး။ ကျွန်တော့် အဖြစ်ကို မကြည့်ရက် တော့တဲ့ အစ်ကိုနဲ့ ဦးလေး လုပ်သူတို့က အနီးနားမှာ ရှိတဲ့ အောင်စာရင်း ကပ်ရာ ကျောင်းဆီကို ထွက်သွား ပါတော့တယ်။ အဲ့ဒီ အချိန်တွေက တော်တော်လေး စိတ်လှုပ်ရှား နေခဲ့ရပြီး သူတို့ ၂ယောက် ပြန်ရောက်လာတော့ ကျွန်တော့်ကို လှမ်းအော်ပြီး ပြောပါတယ်။ ကျွန်တော် အောင်တယ် ဆိုတာနဲ့ ဒီ ဘယ်နှလုံး ပါတယ် ဆိုတာကိုပေါ့။ နောက်ဆုံးကျတော့မှ ကျွန်တော့် နာမည် ရှာမတွေ့ပါဘူး ဆိုတဲ့သူရဲ့ လျှောက်လဲချက်ကို ကြားရ ပါတော့တယ်။ သူ မြို့မှားပြီး ကြည့်မိတာပါတဲ့…
x x x
ကျွန်တော့် ဦးလေးလုပ်သူ တစ်ယောက်ကတော့ မင်္ဂလာဆောင်ကို ရေလဲပုဆိုးနဲ့ ရောက်ခဲ့ဖူးပါတယ်။ အပေါ်ပိုင်းက တိုက်ပုံနဲ့ ဘာနဲ့ အပြည့်အစုံပါပဲ။ မင်္ဂလာဆောင်ကို ရောက်ပါမှ ရေလဲပုဆိုး ၀တ်လာမိမှန်း သတိပြုမိတဲ့ ဦးလေးက မသိမသာ နေလိုက်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ရေလဲပုဆိုး ဆိုတာကလည်း အတော်လေး သန့်တဲ့ ပုဆိုး ဖြစ်နေတာက တော်သေးတာပေါ့။ ဒါပေမယ့် ကံတရားက ဒီလောက်ပဲ ကျီစားတာ မဟုတ်ပါဘူး။ စားပွဲဝိုင်းမှာ ထိုင်ပြီးကာမှ မင်္ဂလာဆောင်မှာ လက်စွပ်တက်စွပ် ပေးဖို့ ကမ်းလှမ်းတာ ခံရပါတော့တယ်။ စားပွဲဝိုင်းမှာ ရေလဲ ပုဆိုးနဲ့ ထိုင်ဖို့က လူမသိသာလှ ပေမယ့် စင်ပေါ်တက်ပြီး လက်စွပ် စွပ်ပေးဖို့က မလွယ်တော့ပါဘူး။ နောက်တော့ သိပ်မဝေးလှတဲ့ အိမ်ကို ပြန်ပြီး ပုဆိုး လဲရပါတော့တယ်။ အဲ့ဒီနောက်ပိုင်း မင်္ဂလာဆောင်မှာ ဆက်တိုက် အမျိုးမျိုးသော အလွဲတွေ ဆက်ကြုံခဲ့ရပြီး နောက်ဆုံး အိမ်ပြန်ရောက်တော့ လမ်းတစ်လျှောက် ကားဒရိုင်ဘာ ရှေ့ အိုက်တင်နဲ့ ထိုင်စီးလာတဲ့ လင်မယား နှစ်ယောက်သား အားရပါးရ ရယ်ချ မိပါတော့တယ်။ ပြောကြ ရယ်ကြနဲ့ ရှိနေချိန်မှာ ကံတရားရဲ့ နောက်ဆုံးအကြိမ် ကျီစယ်ခြင်းကို ထပ်ပြီး ခံခဲ့ရပါတယ်။ အခန်းတံခါးဖွင့် ထွက်လိုက်ချိန်မှာတော့ တစ်လမ်းလုံး ဟန်ဆောင် လာခဲ့တဲ့ သူတို့ ၂ယောက်ရဲ့ ကားမောင်သူ ဒရိုင်ဘာက အိမ်ထဲမှာ ထိုင်နေတာကို နောက်မှ တွေ့လိုက်ရလို့ပါပဲ။
x x x
လူတိုင်း လူတိုင်း အလွဲလေးတွေတော့ ရှိဖူးကြမှာပါ။ ဒီအလွဲတွေ ထဲက တချို့ အလွဲတွေက ပျော်စရာ ကြည်နူးစရာ ကောင်းခဲ့ပြီး တချို့ကျပြန်တော့ အဲ့ဒီလို မဟုတ်တာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် လူတိုင်း အလွဲအမှားတွေ ကိုယ်စီ လုပ်တတ်၊ ကြုံတတ်၊ ဖြစ်တတ် ကြတာကြောင့် လွဲတယ် မှားတယ် ဆိုတာက ဆက်ပြီး ဖြစ်နေ ကြုံနေရဦးမှာပါ။ အခု နောက်ဆုံး ပြောပြချင်တဲ့ အလွဲလေးက ဒီလိုပါ…
ကျွန်တော်တို့ ရုံးမှာ ဖြစ်ခဲ့တဲ့ ကိစ္စလေး တစ်ခုပါ။ ရုံးမှာ အမှန်က အိမ်သာ/ ရေချိုးခန်း ၂ခန်းရှိပေမယ့် တစ်ခန်းကို စတိုလုပ်ဖို့ အတွက် ပိတ်ထားပါတယ်။ ဒါကြောင့် တစ်ခန်းတည်းကိုပဲ အသုံးပြု နိုင်ပြီး အဲ့ဒီအခန်းရဲ့ တံခါးက နည်းနည်းလေး ကျပ်နေတတ်ပါတယ်။ တစ်ခါတစ်လေ အထဲမှာ လူမရှိပါဘဲ တွန်းမရလို့ လူရှိတယ် အထင်နဲ့ အပြင်မှာ အကြာကြီး ရပ်စောင့်နေရ တာမျိုးလည်း ဖြစ်တတ်ပါတယ်။ နောက်မှ ကြာလွန်းတယ် ဆိုပြီး လူလိုက်စစ်ကာမှ ဘယ်သူမှ မရှိဘူး ဆိုတာ သိပြီး အားနဲ့ တွန်းဖွင့်ရတာမျိုး ရှိပါတယ်။
တစ်ရက် ကျွန်တော် တံခါးဖွင့်ပြီး ၀င်လိုက်ချိန်မှာတော့ ဟာသ ဆန်တယ်ပဲ ဆိုမလား၊ အလန့်တကြား ကိစ္စလို့ပဲ ပြောရမလား၊ ဘယ်လို သီကုံးရမယ်မှန်း မသိတဲ့ အဖြစ်အပျက် တစ်ခုနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ဒါကတော့ ဘိုထိုင် အိမ်သာပေါ်မှာ အ၀တ် တစ်စုံတစ်ရာ မပါဘဲ စာအုပ်ဖတ်နေတဲ့ ကျွန်တော့် သူငယ်ချင်းကို မထင်မှတ်ဘဲ တွေ့လိုက်ရလို့ ပါပဲ။ ကျေးဇူးရှင်က တံခါးကို ချက်မထိုးထားဘဲ ကောင်းကောင်း နှပ်နေတာကိုး။ ကံကောင်းတာက တစ်ဖက်ခန်းက ရုံးမဆင်းသေးတဲ့ ကောင်မလေး တွေထက် အရင် ကျွန်တော် ဖွင့်မိပေလို့ သာပေါ့။ မဟုတ်လို့ကတော့ သူတို့တတွေ ရုံးမဆင်းခင် သေချာပေါက် ၀င်ကြဦးမှာပါ။ ကျွန်တော်က “ဟေ့ကောင်၊ ဘယ်လို ဖြစ်ရတာလဲ” မေးတော့ သူက ကြောင်တောင်တောင်နဲ့ “မသိဘူးလေ” တဲ့…
မိုးဝေ
ဇန်န၀ါရီ ၁၅ ၂၀၁၀ ၀၀း၅၅