"သမီးရေ လာ ဒီအပေါ် တက်ခဲ့။ သတိထား တက်နော် ပြုတ်ကျဦးမယ်" ဟု အမေဖြစ်သူက သတိပေး ပြောဆိုနေသည့် အသံနှင့် အတူ သမီး လုပ်သူက ထိုင်ခုံပေါ်သို့ သတိထား တက်လာသည်။ "မေမေ ပြောတဲ့ အတိုင်း သတိထားနော်။ အနာ ဖြစ်တတ်တယ် သိလား" ဟူ၍ ထပ်ကာ သတိပေး နေပြန်သည်။
"သမီးရေ မေမေတို့ ဈေးဝယ် ထွက်ရအောင်၊ လာ အတူတူ သွားမယ်" ဟု အမေလုပ်သူက ခေါ်သံနှင့် အတူ လက်ထဲတွင် အိတ်လေး တစ်လုံးဆွဲကာ သမီးလုပ်သူက လိုက်ပါသွားသည်။
"ဒီဟာလေး လှတယ်နော်၊ ဒါလေး ၀ယ်ရအောင်"
"ဒီဟာလေးက ပိုမကောင်းဘူးလား၊ ဒါလေးပဲ ယူပါ" ထိုင်ခုံပေါ်တွင် ရှိသမျှ ပစ္စည်းကို ကိုင်ကြည့်ပြီး သားအမိ နှစ်ဦး အငြင်းပွား နေပြန်သည်။
"မေမေ့ စကားကို နားထောင်နော် သိလား သမီး"
"မေမေ သမီးကို ကျောင်းလိုက် ပို့ပေးမယ်နော်၊ ထမင်းဗူးကို ဒီထဲ ထည့်ပေးလိုက်မယ်"
"သမီး အဲ့လို မလုပ်ရဘူးလေ၊ အနာဖြစ်တတ်တယ်"
အမေနှင့် သမီး ဗျာများ နေသည်ကို ထိုင်ကြည့်ရင်း ကျွန်တော် ရယ်မော နေမိသည်။ ကျွန်တော့် နည်းတူ ကျွန်တော့် မရီးဖြစ်သူ နှစ်ဦးမှာလည်း အပြုံးတွေ ကိုယ်စီနှင့်။ အားလုံးက တစ်ဝမ်းကွဲ ညီအစ်မ ၂ဦး အချင်းချင်း အမေ လုလုပ်တမ်း ကစားနေသည်ကို မသိချင်ယောင် ဆောင်ပြီး စောင့်ကြည့် နေကြခြင်း ဖြစ်သည်။
ဦးသည့်သူက အမေ ဖြစ်သွားပြီး နောက်ကျသည့် သူက သမီး လုပ်ပေးရသည်။ တစ်ခါတစ်လေ တော့လည်း နှစ်ဦးစလုံးက တပြိုင်တည်း အမေတွေ ဖြစ်နေပြီး နှစ်ဦးစလုံးပင် တပြိုင်တည်း သမီး ဖြစ်နေပြန်သည်။ တတ်လည်း တတ်နိုင် ကြပေသည်။ သူတို့ အမေ လုပ်သူတွေ သူတို့အပေါ် ဆူပူ ပြောဆို ဆုံးမသမျှ နားထဲ မှတ်မိနေကြပြီး ထိုအတိုင်း ပြန်ပြောကာ ကစားနေခြင်းပင် ဖြစ်သည်။
x x x
တစ်ယောက်က ကျွန်တော့် အစ်ကို အကြီးဆုံး၏ သမီး၊ နောက် တစ်ယောက်က အစ်ကိုလတ်၏ သမီး၊ သူတို့ နှစ်ယောက် အသက်က ၁နှစ်ပင် မကွာ။ သို့သော် ရွယ်တူဟုလည်း မဆိုသာ။ တွေ့လိုက်တိုင်း "ဟန်နီ ဟန်နီရေ..." "မမနိုနို မမနိုနို" နှင့်။
"လေးလေးမိုး လေးလေးမိုး သိလား နိုနိုက မမကြီး ဖြစ်နေပြီ" ဆိုသည့် တူမက အကြီးမ နိုနို။ သူက အခုနောက်ပိုင်း အမြဲလိုလို တစ်အိမ်တည်း အတူနေနေသည်မို့ "လေးလေးမိုး လေးလေးမိုး ပြန်လာရင် မုန့်ဝယ်လာခဲ့နော်" ဟု ပူဆာ တတ်သည်။ မ၀ယ်လာပြန်ရင်လည်း "မေမေ သိလား လေးလေးမိုးကလေ ပိုက်ဆံ မရှိလို့ ထင်တယ်။ နိုနို့ အတွက်လည်း မုန့်တွေ ၀ယ်လာ မပေးတော့ဘူး" ဟုလည်း နောက်ကွယ်တွင် အတင်းဆိုတတ်သေး။
အိမ်ကို ရောက်လာသည့် အခါ မျက်နှာက ပြုံးစိပြုံးစိ ရှက်သလိုလို၊ အိုက်တင် ထုတ်သလိုလိုနှင့် ကျွန်တော်ကို ခိုးကြည့်ပြီး "လာပါဦး" လို့ ခေါ်ပါမှ ကျွန်တော့်ဆီကို အပြေး လာသည်က အငယ်မ ဟန်နီ။ တလောက မင်္ဂလာဆောင် တစ်ခုကို ခေါ်သွားတော့ အပြန်မှာ အမေလုပ်သူက ဒီလို ပြောလာခဲ့သည်။ သူလည်း မင်္ဂလာဆောင်မှာ ပန်းကြဲချင်ပါသည်တဲ့။ သူ့အမေ မင်္ဂလာဆောင်ရင် သူ လုပ်ချင်ပါသည်တဲ့။ အမေ လုပ်သူက မင်္ဂလာ ထပ်ဆောင်၍ မရကြောင်း ရှင်းပြတော့ နောက်ဆုံး "ဒါဆိုလည်း ဟန်နီပဲ ဆောင်တော့မယ်" ဟု ဆိုလာသည်။
တစ်ယောက်တစ်မျိုးမှ တကယ့်ကို တစ်ယောက် တစ်မျိုး။ သူများလုပ်သည် မှန်သမျှ အကုန် အတုခိုးသည်။ အကုန် လျှောက်လုပ်သည်။ တကယ့်ကို ကလေးတွေ ပီသပါပေသည်။ တကယ့်ကိုပင် ကော်ပီရာ လေးတွေ မဟုတ်ပါလား။
x x x
အကြီးမ နိုနိုက ကြမ်းသည်။ ကြမ်းသည်ဟု ကျွန်တော်ဆိုလျှင် အကြောင်းရင်းလည်း ရှိပေသည်။ ရံဖန်ရံခါ အိပ်နေသည့် ဦးလေးလုပ်သူအား တံတောင်ဖြင့် ခပ်ကြမ်းကြမ်း ထုထောင်း တတ်သည်က ရှိသေးသည်။ လန့်ဖြန့်ပြီး မျက်လုံး ဖွင့်ကြည့်လျှင် "လေးလေးမိုးကို ချစ်လို့ စတာ" ဟု ပြောကာ ထွက်ပြေး သွားတတ်သည်။
နောက် ထူးခြားသည်က အိမ်အလည် သွားသည့် အခါမျိုးတွင် ထမင်းစားချိန် ကျော်ပြီး ထမင်းမစားရပါက "အိမ်ရှင်တွေက ထမင်းလည်း မကျွေးဘူး" ဟု လုပ်တတ်သည်။ သူ ထင်ရာ သူလုပ်တတ်သည်။
တစ်ရက် အိပ်ရာက နိုးတော့ ထမင်းစား စားပွဲတွင် ခင်းထားသည့် ဖုယောင်းပုဆိုးစ အပိုင်းပိုင်း ပြတ်နေသည်ကို မြင်ရသည်။ ဦးလေး လုပ်သူက ချက်ချင်း သဘောပေါက်လိုက်သည်။ မိနို လက်ချက်...။ ထို့ကြောင့် သူ့အမေ သိလျှင် အရိုက်ခံရမည် စိုး၍ အပိုင်းပိုင်း ဖြစ်နေသည့် အခင်းစကို တတ်နိုင်သရွှေ့ ညီအောင် ပြန်တိပေးသည်။ ဖုံးပေးဖိပေး လုပ်ပေးခဲ့ရသည်။ နောက်မှ ကျေးဇူးရှင် အဆော်တောင် ခံထိပြီး ဖြစ်ကြောင်း သိရသည်။
တစ်နေ့က အစ်ကို အလတ်နှင့် မိသားစု နေအိမ်မှာ မီးကမလာ၊ ပူအိုက်သည့် ရာသီဥတုကြောင့် ဟိုတယ် တစ်ခုတွင် သွားအိပ်ကြသည်။ နေအိမ်ရှိ ယောက္ခမ များအား လှည်းတန်းအိမ် (ကျွန်တော်တို့ အိမ်) တွင် အိပ်မည်ဟု ဆိုခဲ့ကြသည်။ နောက်တစ်နေ အိမ်ပြန်ခါနီးတော့ ဖအေနှင့် မအေ လုပ်သူများက သမီးဖြစ်သူ ဟန်နီ့အား သေချာမှာသည်။ အိမ်တွင် ထိုအကြောင်း ပြောပြ၍ မဖြစ်ကြောင်း အတန်တန် သင်ပေးသည်။
သို့ပေမယ့် သမီးဖြစ်သူ အိမ်ရောက်ရောက်ချင်းပင် အချွန်နှင့်မသည်။ အဘိုး လုပ်သူထံ အပြေးသွားပြီ "ဘိုးဘိုး ဘိုးဘိုး ဟန်နီတို့ ညက ဟိုတယ်မှာ အိပ်တာ" ဘာညာ သွားလုပ်လေသည်။
အဘိုးလုပ်သူက သမီးနှင့် သမက်လုပ်သူ စကားအရ "ဟဲ့. စားသောက်ဆိုင်မှာ ဘယ်လိုလုပ် အိပ်လို့ ရမှာတုန်း" ဟု ပေါက်ကရတွေ လာပြော နေသည်ဟု ဆိုသည်။ မှတ်သား လောက်ပေသည်။ ကျွန်တော် တွေးနေ မိသည်က နောက်တစ်ခါ အပြင်သွားလျှင် အိမ်တွင် ချန်ထားခြင်း ခံရမည်လား ဟူ၍...