Latest Comments

အိပ်မက် ရုပ်ရှင်ရုံ

ယောက်ျားတွေချည်းပဲ စီးနင်း လိုက်ပါလာတဲ့ ဟိုက်ဝေးကားကြီး တစ်စီး ထိုးဆိုက်ဆိုက်ချင်းပင် ရှေ့ မှ သုံး လေး ငါးယောက်လောက်က အောက်သို့ တစ်လှမ်းချင်း ဆင်းလာခဲ့တယ်။ သူတို့က ဘယ်ကို ရောက်နေသလဲ ဘယ်သူတွေ ရှိလဲ စူးစမ်း လေ့လာခြင်း အလျင်းမရှိ။ သို့သော် သူတို့ ဆင်းနေရင်းမှာပင် ကားပေါ်တွင် ကျန်ရှိနေကြသည့် ယောက်ျား ရင့်မာကြီးပေါင်း များစွာတို့မှာ ဆူညံ ပွက်လောရိုက် နေကြာကာ ပဉ္စမမြောက် အောက်သို့ဆင်းမည့် တစ်ယောက်အား ဆဋ္ဌမမြောက် တစ်ယောက်က စတင် တိုက်ခိုက် လိုက်လေသည်။ ခါးကြားထဲသို့ ဓါးမြှောင်ဝင် အစိုက် နောက်မှ ပါလာသည့် သတ္တမမြောက် တစ်ယောက်က သူ့ဘေးရှိ အခြား တစ်ယောက်က တွယ်ထည့် လိုက်ပြန်သည်။

ကားတစ်စီး ဆိုက်ရောက်လာလို့ လာရောက် စူးစမ်းနေမိသည့် ကျွန်တော့်မှာ လက်ထဲတွင် သူများ ကလေးအား ယူချီလာခဲ့မိ၍ ခေါင်းနပန်း ကြီးသွားခဲ့ကာ ကျွန်တော့်ထံ တည့်တည့် ဆင်းလာသည့် ပထမဆုံး အဖွဲ့နှင့် လွတ်ကင်းရာ ကင်းကြောင်းသို့ အမြန်ချီတက် ရလေတော့သည်။ ကလေးချစ်တတ်၍ ကလေးအမေထံမှ ကလေးအား ခေတ္တယူချီ၍ ထွက်လာမိသည်က အခုတော့ အခက်တွေ့ချေပြီ။ ကလေး အမေဘယ်ဆီ ရှိနေမှန်းလည်း မကြည့်အားတော့၊ အမြန် သုတ်ခြေတင်ရတော့သည်။ ထိုထိုသော ကားနှင့် အတူပါလာသည့် အဖွဲ့သည် နီးစပ်ရာ လူကို ရိုက်နှက် ပုတ်ခတ် ပစ်သတ်ကုန်ကြကာ လူရိုင်းကြီးများ အလား ပြုမူနေကြ လေတော့သည်။

မည်သူ တစ်ဦး တစ်ယောက်ကိုမှ ဂရုစိုက်ခြင်း မရှိ၊ အဖွဲ့နှစ်ဖွဲ့ ကွဲနေ သယောင်တော့ ရှိသည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ မီးကုန်ယမ်းကုန် တိုက်ခိုက် နေကြစဉ်တွင် ကျွန်တော် ရောက်ရှိနေသည့် မြို့ ကလေး၏ ဈေးဆိုင် များမှာလည်း ဆိုင်ရှေ့ တွင် အရက်ပုလင်းများ အစီအရီ ရောင်းချတတ်သည့် အလျှောက် ထိုသူများမှာ အစိမ်းရောင်ရှိသော ပုလင်းများနှင့် တစ်ယောက်ကို တစ်ယောက် ပစ်ပေါက် တိုက်ခိုက် နေကြပြီး မသက်ဆိုင်သည့် သူအများအပြား ကိုလည်း စိတ်ရှိတိုင်း ထင်ရာစိုင်း ပြုမူ နေကြတော့သည်။

တိုက်ခိုက်မှုသည် ကြမ်းတမ်းသည်ထက် ကြမ်းတမ်းနေသည်။ မြို့ လေးသည် ထိုသူအများ လက်ချက်ကြောင့်ပင် စုတ်ပြတ်သတ် လာခဲ့သည်။ လူမိုက်များ အဖွဲ့သည် ကားတစ်စီး စာမျှပင် ဟုတ်ပါရဲ့လား တွေးထင်မိစရာ။ လဲပြိုကျသွားသူများ ရှိနေသည့်တိုင် တစ်မြို့ လုံးအား ထိုသူများက အထိန်းအကွပ်မဲ့ ပရမ်းပတာ လုပ်ချင်တိုင်း လုပ်နေသည်မှာ တော်ရုံ အင်အားတစ်ရပ် မဟုတ်နိုင်ပေ။

သားရေဂျာကင် အနက်ရောင်ကို အခန့်သား ၀တ်ဆင်ထားသည့် လူတစ်ဦးသည် ဆိုင်ကယ်ကြီး တစ်စီးနှင့် အတူ ပစ္စတို တစ်လက်ဖြင့် လူဆိုးများအား လိုက်လံ နိမ်နင်နေသည်ကို ရုတ်တရက် တွေ့မြင် လိုက်ရသည်။ သို့သော် သူ့အား တိုက်ခိုက်ရန် ၀င်လာသည့် အဖွဲ့မှာလည်း အင်အား မသေးလှ။ ဟိုပြေး ဒီပြေးနှင့် ပြေးလွှား သွားမိသည့် နေရာတိုင်းတွင် ထိုသူအများနှင့်သာ တည့်တည့် တိုးနေ၍ ပွတ်ကာ သီကာ လက်ထဲပါလာသည့် ကလေးအား ချီ၍ပင် ထွက်ပြေးနေရသည်။

ဤသို့နှင့် သားရေဂျာကင်နှင့် သူသည် ဓာတ်ဆီများ ပက်ဖျန်းကာ လူဆိုးများအား မီးရှို့  တိုက်ခိုက်ပြန်သည်။ ထိုသူများသည့် မီးကြောင့် အုပ်စုလိုက် ဖြတ်သန်းမရ ဖြစ်နေချိန်တွင် အံ့သြ လောက်ဖွယ်ရာ ဧရာမ လွှစက်ကြီးက လမ်း အလယ် တည့်တည့်မှ နေ၍ ကတ္တရာ လမ်းကြီးအား ထက်ပိုင်း ပိုင်းချလိုက်ရာ မြို့ မှာ နှစ်ခြမ်း ကွဲသွားခဲ့လေသည်။ တစ်ဖက်ခြမ်းတွင် လူဆိုးအများ ဒေါသတကြီးနှင့် ပေါက်ကွဲဟစ်အော် သောင်းကြမ်းနေကြပြီး တစ်ဖက်တွင် ကျွန်တော် အပါအ၀င် လူအများနှင့် သားရေဂျာကင်နှင့် သူတို့က ရှိနေခဲ့သည်။ သို့သော် ကျွန်တော့် လက်ထဲတွင် ကလေးငယ် မရှိတော့။ ဘယ်ရောက်သွားလဲ ကျွန်တော် မသိတော့။ ထို့ အတွက်လည်း တစ်စုံတစ်ရာ ခံစားရခြင်း မရှိ၊ ထိုအချိန်တွင် မည်သည့် အရာဟုပင် မသိနိုင်၊ မည်သို့ ဖော်ညွှန်းရမည် မှန်းလည်း မသိသည့် အရာတစ်ခုက (ယာဉ်အကြီးစား တစ်ခု ဖြစ်တန်ကောင်းသည်) ကျွန်တော်တို့ ဘက်ခြမ်းက အပိုင်းအား ဆွဲယူသွားကာ လူဆိုးများနှင့် လွတ်ကင်းရာသို့ ကူညီ သယ်ဆောင်ပေးလျှက် ရှိနေပြန်သည်။

နောက်မှ လူဆိုးများ လိုက်လာမည်ကို စိုးရိမ်တကြီး ထိတ်လန့်တကြီးနဲ့ ထွက်ပြေးခွင့် ရနေသည့် ကျွန်တော်တို့ အဖို့မှာ နောက်ကြောင်း မအေးလှဘဲ ထိုသူများ လိုက်မီလာမည်ကို ကြောက်ရွံ့  နေမိလေသည်။ ထိုအချိန် ကျွန်တော်တို့ ဖြတ်သန်းရာ လမ်းဘေးမှ တိုက်အိမ် တစ်လုံးမှ လူအများက သူတို့ကိုပါ ကူညီ သယ်ဆောင်သွားရန် တောင်းဆိုဟစ်အော် နေကြရာ ရွှေ့ လျားနေသည့် ကျွန်တော်တို့ အဖွဲ့မှာ ရပ်တန့် သွားခဲ့လေသည်။ ကျွန်တော်သည် ထိုသူများအား ကယ်တင်လျှင် နောက်မှ သူများလိုက်လာ၍ ထပ်မံ တိုက်ခိုက် ခံရမည်ကို စိုးရိမ်နေမိသည်။ သားရေဂျာကင်နှင့် သူသည် ထိုအိမ်ထဲမှာ သူများအား ကျွန်တော်တို့ ရှိနေသည့် နေရာနှင့် ပူးပေါင်းစေ၍ ဆက်လက် ထွက်ခွါ စေခဲ့လေသည်။

ဝေးသထက် ဝေးလာခဲ့သည်။ စိတ်လည်း အေးသထက် အေးလာရသည်။ သို့သော် ကိုယ်တစ်ခြမ်းလုံး နာကျင်နေသည့် ဝေဒနာကို ရုတ်တရက် ခံစား မိလိုက်ရသည်။ အသိ စိတ်တစ်ခုက ၀င်ရောက်လာခဲ့သည်။ ဒါ... အိပ်မက်ပါလား...။ ကိုယ်တစ်ခြမ်းကို ဖိအိပ် ထားမိသည်မှာ မည်မျှ ကြာခဲ့သည်မသိ၊ ကိုယ်တစ်ခြမ်းလုံး ကျင်နေသည်။

မနက် ရုံးရောက်လာတော့ ဒီအကြောင်း ဘလော့ရေးမည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ညက အိပ်မက်ထဲမှာ ရုပ်ရှင် ကြည့်ခဲ့ရသလား အောင့်မေ့ရအောင် ဆန်းပြား ကြမ်းတမ်းလွန်းသည့် အဖြစ်၊ သို့သော် အခြား အိပ်မက်တွေနဲ့ အတူ။ ဆုံးခန်းတိုင်အထိ ထူးထူးခြားခြား မက်ခွင့်ရခဲ့သည်။

ကျွန်တော်တို့ တစ်ခါတရံ အိပ်မက်ထဲမှာ ရုပ်ရှင်ကြည့်ခွင့် ရသည့်အလား ယခုကဲ့သို့ပင် အိပ်မက်ဆန်းများ မက်ဖူးကြသည် မဟုတ်ပါလား။ တစ်ခါတရံ ကြောက်လန့်စရာ၊ တစ်ခါတရံ ကြည်နူးစရာ၊ တစ်ခါတရံ လွမ်းဆွေးစရာတွေ မက်တတ်ကြပါသည်။  ထို့ကြောင့် "အိပ်မက် ရုပ်ရှင်ရုံ" ဟု အမည်တပ်ကာ ယခုကဲ့သို့ပင် ရေးချလိုက်မိသည်။

မိုးဝေ
၁၁း၅၃ ဂျူလိုင် ၁၉ ၂၀၀၉

Comments (3)

Subscribe to this comment's feed
...
0
ကောင်းတယ် အကိုရေ
နောက်လည်းရေးဦးနော်... အကိုက quality ထိမ်းတယ်ထင်တယ်နော်
တစ်ပုဒ်နဲ့တစ်ပုဒ် အကြာကြီးပဲ :)
phoechan , July 19, 2009 | url
...
0
အိမ်မက်မက်တာကို အခုလောက်ထိ မှတ်မိပြီး ရေးနိုင်တာကိုတော့ ချီးကျူးပါတယ်။ ကျွန်တော်လဲ အဲ့ဒီိလိုမျီုး အိမ်မက်တွေ တော်တော်များများ မက်ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ လူဆိုးလိုက်လို့ ပြေးလွှားဖိုက်ရတာတော့ မဟုတ်ဘူး။ အိမ်မက်ထဲမှာ သရဲလိုကလို့ဗျာ.။ :P ဟီး။
တချို့အိမ်မက်တွေမှာကျတော့လဲ အိမ်မက်ထဲမှာကိုပဲ ကိုယ့်စိတ်ကိုပြန်ထိန်းနိုင်တယ်။ဟီး
အဆန်းပဲ.။ :)
lawlawsal , July 19, 2009 | url
...
0
မက်ဖူးတယ်ဗျ။ ကျွန်တော်မက်တဲ့ အိပ်မက်တွေဆို အိပ်မက်ဆိုးတွေ များတယ်။ အဲ့လို ပြေးလွှား ဖိုက်နေရတာချည်းပဲ။ အဟဲ လူကလဲ အဲ့လို အက်ရှင်ကားတွေ၊ သိပ္ပံကားတွေ၊ မှော်ကားတွေ သိပ်ကြိုက်တာမို့လို ထင်တယ်။ :)
minnyoonthit , July 19, 2009 | url

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday4
mod_vvisit_counterYesterday34
mod_vvisit_counterThis week144
mod_vvisit_counterThis month364
mod_vvisit_counterAll19777

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...