တစ်ခါတစ်ခါကျတော့ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြန် စဉ်းစားမိလိုက်တိုင်း စိတ်ထဲ ကြည်နူးမိတာ အမှန်ပါပဲ။ တချို့ အဖြစ်အပျက် တွေက အချိန်တွေ ဘယ်လောက်ပဲ ကြာကြာ မမေ့နိုင်တော့ သလို၊ တချို့ကိစ္စတွေ ကျပြန်တော့လည်း ဘယ်လိုပဲ ပြန်စဉ်းစား စဉ်းစား အစတောင် ဖော်လို့ မရတော့တာမျိုး ဖြစ်နေပြန်ပါတယ်။ အတိတ်ဆိုတာက မေ့ပျောက်ဖို့ လွယ်သလို၊ အတိတ်ဆိုတာက စွဲကျန်နေရစ်ဖို့လည်း မခက်တဲ့ အရာပါပဲ။
အဲ့ဒီလို ငယ်ငယ်တုန်းက အကြောင်းတွေကို စဉ်းစားမိရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရယ်ချင်စရာ ဟားချင်စရာ ကောင်းတဲ့ အဖြစ်အပျက် တစ်ခုကို သွားသွား တွေးနေမိပါတယ်။ ငယ်ငယ်က ဆိုပေမယ့် အရမ်းတော့ မငယ်တော့တဲ့ ၈တန်း ၉တန်း ၁၀တန်း အရွယ် ဒိုက်ဦးမှာ ရှိစဉ်ကပေါ့။
ငယ်ငယ်လေး ကတည်းက ဘုတ်ပြင်းမှာ စက်ဘီး စပြီးစီးတတ်ခဲ့တဲ့ ကျွန်တော်ဟာ ဒိုက်ဦးဆိုတဲ့ စက်ဘီးတွေ ပေါများလွန်းတဲ့ မြို့ကိုလည်း ရောက်ရော စက်ဘီးတစ်စီးနဲ့ ကျင်လည်ခွင့် ရခဲ့ပါတယ်။ ကျောင်း၊ ကျူရှင်တွေ သွားဖို့အတွက် စက်ဘီးကသာ အဓိက အားကိုးစရာ ဖြစ်နေတာက တစ်ကြောင်း၊ ကိုယ်တိုင်ကလည်း စက်ဘီးဆို အငမ်းမရ ၀ါသနာ ပါတတ်တာက တစ်ကြောင်း ဆိုတော့ ဒီလို မြို့လေး တစ်မြို့ကို ပြောင်းရွှေ့ နေထိုင်ခွင့် ရတာကပဲ တစ်မျိုး ကျေနပ်စရာ ကောင်းနေပြန်တာပေါ့။