ထမင်းဝိုင်းမှာ ထိုင်လိုက်တယ် ဆိုရင်ပဲ ဟင်းလျာပေါင်း များစွာက လူ ၇ယောက် ထိုင်လို့ရတဲ့ စားပွဲဝိုင်းမှာ ထမင်းပန်းကန်ပင် ချစရာ မရှိလောက်အောင် ပြည့်လို့ သွားခဲ့ပါတယ်။ ၀က်သား၊ ကြက်သား၊ ဆတ်သား၊ ငါး အစရှိတဲ့ အချိုအစပ် ဟင်းလျာတွေ အမျိုးမျိုး အပြင် အသီးအရွက် အကြော်၊ အသုတ်၊ ဟင်းချို၊ ချဉ်ဟင်း၊ တို့စရာ အသီး အရွက်စုံ တို့ကို စားချင်စဖွယ် ဖွယ်ဖွယ်ရာရာ ခင်းကျင်းလိုက်တာပဲ ဖြစ်ပါတယ်။ ထမင်းအုပ် တစ်ခုကို ဘေးမှာ ချပေးထားပြီး ထမင်းပန်းကန်နဲ့ ဇွန်း ခက်ရင်းတို့လည်း ရောက်ရော အားလုံး ခေါင်းမဖော်တမ်း အားတက်သရော စားသောက် ဖြစ်ခဲ့ပါတယ်။ အရသာ မျိုးနွယ် အစုံအလင် ကြားမှာ ဘယ်ဟင်းခွက်က ဘယ်အသားဟင်း၊ ဘယ်အရွက်ကြော်၊ ဘယ်လို တို့စရာနဲ့ ရောစပ်စားမလဲတောင် တွေးမနေ နိုင်ခဲ့ပါဘူး။ စားကောင်းကောင်းနဲ့ စားခဲ့ကြတာ နောက်ဆုံး ၀မ်းက လက်ခံနိုင်သမျှ တစ်ဆုံးမှာတော့ အားမတန်လို့ မာန်လျှော့ ရတယ်ပဲ ဆိုရမလား၊ ကျန်နေတဲ့ ဟင်းခွက်တွေကို ကြည့်ရင်း နှမြော နေမိပြန်ပါတယ်။ ကုန်သွားတဲ့ ဟင်းခွက်တွေကလည်း အလိုလို ပြန်ပြည့်လာသလား အောင့်မေ့ ရလောက်အောင် ပါပဲ။ ကုန်တာနဲ့ ထပ်ပြီး ဖြည့်တင်း ပေးခဲ့တာလည်း တွေ့ရပါတယ်။ ဆိုင် အပြင်အဆင်က ဟန်ကြီး ပန်ကြီးတွေ မပါဘဲ အရသာ ထူးကဲလွန်းလှတဲ့ ဟင်းလျာတွေနဲ့ တကယ့် အနှစ်သာရကိုသာ လိုလေသေး မရှိအောင် ၀န်ဆောင်မှု ပေးခဲ့တာက စစ်ကိုင်းရဲ့ တစ်ဖက်ကမ်း မန္တလေး ဧရာဝတီ မြစ်ကမ်းနံဘေးနားက ဒေါ်အေးကြင် ဆိုတဲ့ ဘူဖေး မြန်မာ ထမင်းဆိုင်ပါပဲ။
တစ်ယောက်မှ ငွေကျပ် ၁၆၀၀ သာ ကျစေပေမယ့် သူတို့ ပေးလိုက်တဲ့ စားသုံးသူတွေ အတွက် ၀န်ဆောင်မှုကတော့ အံ့မခန်းပါပဲ။ ဒါက စစ်ကိုင်းဘက် ဘုရားဖူးထွက်ရာက အပြန် နေ့လည် တစ်နာရီ ၀န်ကျင်မှာ ကျွန်တော်တို့ ခရီးသွား တစ်ဖွဲ့လုံး ဆာဆာနဲ့ ဆွဲခဲ့တဲ့ ၀ါးတီးပွဲ အကြောင်းပေါ့…