"၄နှစ်တောင် စောင့်ခဲ့ရတာ ဆိုတော့ စိတ်လှုပ်ရှားမှုက ပြောမပြ တတ်အောင်ပါပဲ။ အင်္ဂလန် အသင်း အတွက် စိတ်လှုပ်ရှားရင်း အားရပါးရ အားပေးသွားမှာ" လို့ ဆိုလာသူက ရုံးက ညီမငယ် တစ်ယောက်။ မန်ယူ အသင်းရဲ့ အမာခံ ပရိသတ် တစ်ယောက်လည်း ဖြစ်တဲ့ သူမက လာမယ့် ကမ္ဘာ့ဖလား ပွဲတွေကို အိမ်မှာ မောင်တွေ၊ ဦးလေးတွေနဲ့ အတူ အင်တိုက်အားတိုက် အားပေးဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။
၎နှစ်မှာမှ တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကမ္ဘာ့ အကောင်းဆုံး နိုင်ငံ အသင်းတွေ၊ တကယ့် ဒိတ်ဒိတ်ကျဲ အသင်းတွေ၊ ကစားသမား တွေချည်း ယှဉ်ပြိုင် ကြတာက တစ်ကြောင်း၊ တစ်လကြာ အချိန်လေး အတွင်းမှာ နေ့ရက်တိုင်း လိုလို ပွဲတွေ ဆက်တိုက်ကန်ပြီး ဘယ်သူ ချန်ပီယံ ဖြစ်မလဲ ဆိုတာ မြန်မြန်ဆန်ဆန် အဖြေ ပေါ်တာက တစ်ကြောင်း၊ ရုပ်သံ မီဒီယာတွေ အားလုံးကလည်း ဦးစားပေး နံပါတ်တစ် အဖြစ် ဖော်ပြခြင်း ခံရတာက တစ်ကြောင်း၊ အကြောင်း အမျိုးမျိုး တွေကြောင့် ကမ္ဘာ့ဖလား ဆိုတာက မြန်မာတွေတင် မကဘဲ တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့ နာမည်ကျော် ပြိုင်ပွဲကြီး တစ်ခု၊ ဂုဏ်သိက္ခာ ကြီးမားတဲ့ ပြိုင်ပွဲကြီး တစ်ခု အဖြစ် ဒီနေ့ထိတိုင် ရပ်တည် နေနိုင်ခဲ့တာပါ။
အခု လာမယ့် တောင်အာဖရိက ၂၀၁၀ ကမ္ဘာ့ဖလား ပွဲမှာလည်း ပရိသတ်တွေ အကုန်လုံး တလှုပ်လှုပ် တရွရွှနဲ့ ဘယ်အသင်း ဗိုလ်စွဲမလဲ၊ ဘယ်အသင်းတွေ ဖိုင်နယ် ရောက်မလဲ၊ ဘယ်သူက ဂိုးသွင်းဘုရင် ဖြစ်မှာလဲ ဆိုတဲ့ မေးခွန်းပေါင်း များစွာနဲ့ အတူ ဆွေးနွေးကြ၊ ငြင်းခုံကြ၊ ပြောကြ ဆိုကြနဲ့ပါ။ ဒါပေမယ့် အာလုံးက စောင့်မျှော်နေတဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ဆိုတာက လာမယ့် ရက်ပိုင်း အတွင်းမှာပဲ စပြီး ကျင်းပ တော့မှာပါ။ ဒီလိုနဲ့ စာရေးသူလည်း လက်လှမ်းမီ သလောက် ပရိသတ်တွေရဲ့ ရင်ခုန်သံတွေကို လိုက်လံ မေးမြန်း ဖြစ်ခဲ့ပါတယ်။